ဒေါင်းမြီးရေးသည်။
မဏ္ဍိုင် – နိုဝင်ဘာ ၁၉၊၂၀၂၅။
ဦးစီးက ထောင်ထဲမှာ လမ်းလျှောက်ပတ်ကြည့်ရင် အခြားအမှုက လူမိုက်၅ဦးလောက်ကို ခေါ်လာလေ့ ရှိတယ်။ သူ့ကို အကျဉ်းသားတွေ အန္တရာယ်မပေးနိုင်အောင်ပေါ့။ ဆေးဗိုလ်ကြီးကျတော့ ခုနလို လူမိုက်တွေမပါဘူး။ သူ့ ဆေးအိတ်ကို သယ်ပေးတဲ့ ဆေးရုံထောင်တန်းစီးပဲပါတယ်။
ဒါပေမယ့် သူလျှောက်လာတဲ့ လမ်းတခုလုံး “ရှေ့ကြည့်” အော်ပြီး အားလုံး ပုံစံ-၁နဲ့ ထိုင်နေရတယ်။ ပုံစံ-၁ဆိုတာ ဆောင့်ကြောင့်ထိုင်ပြီး လက်ကို ဒူးပေါ်တင်ဆန့်ထားကာ ခေါင်းငုံ့ထားရတယ်။ ထောင်မှာက ပုံစံ-၄ခုရှိတယ်။ (ဒါကိုလည်း နောက်အပိုင်းမှာ ဖော်ပြထားပါတယ်)
ခုနလို ပုံစံထိုင်ရတာ တခုက ထောင်အမှိုက်သိမ်းကား လာရင်။ ခုနလိုပဲ ကားသွားရာလမ်းမှာ ထိုင်နေရတယ်။ဒါက ကားပေါ် တက်လိုက်မသွားအောင်ပေါ့။
ခုနပြောတဲ့ ကားနဲ့ ဆေးဗိုလ်ကြီးလာရင် ပုံစံမလုပ်လို့ ၅၀၅တွေနဲ့ ခနခနပြသနာတက်တယ်။(ဒါက နောက်ပိုင်း ကျမှ ဆက်မယ်)
ဒီလိုနဲ့ ကျောတချက်အကန်မခံရ၊ နားရင်းတချက်အတီးမခံရ၊ ဘာပစ္စည်းတခုမှ သိမ်းယူခြင်းမခံရဘဲ ဆေးရုံ ဆောင် ရောက်ခဲ့တယ်။
ဒီလိုနဲ့ Quarantine ၁၄ရက်ဖြတ်ပြီး ထောင်ထဲဝင်ရတဲ့နေ့ကို ရောက်လာတယ်။မိန်းဂျေးနဲ့ထောင်ဘူးဝကို ဖြတ်ရမှ ထောင်ထဲရောက်တယ်ဆိုတဲ့ ဆိုရိုးရှိတာကို။
Quarantine မှာ စိတ်အနှောင့်အယှက်ဖြစ်ရတာတခုက ထောင်စည်းကမ်း ၁၉ချက်နဲ့ ထောင်ဆောင်ပုဒ်ကို တန်းပိတ်ချိန်တွေမှာ ရွတ်ဆိုရတာပါပဲ။
ဆေးရုံဆောင်က သီးခြားဝန်းတခုထဲမှာ ရှိတယ်။ART ဆေးသောက်နေရသူတွေ၊ကျန်းမာရေးမကောင်းတဲ့ သူတွေကိုထားတာ။ ဆေးရုံဆောင်ဝန်းထဲမှာ ထောင်ဆေးခန်းရှိတယ်။မြို့နယ်၂ခုက NLD ဥက္ကဌ နှစ်ဦးကို အဲဒီဆေးရုံဆောင်မှာ ထားတယ်။
တကယ်တော့ ဆေးရုံဆောင်ကလည်း ၁ဆောင်၊၂ဆောင်၊ Quarantine ဆောင်တို့လို အင်္ဂလိပ်ခေတ်က ဆောက် ထားတဲ့ သစ်သားဆောင် ၂ထပ် အဆောက်အဦးကြီး။ ဆေးရုံဆောင်မှာ ကဗ္ဗည်းထိုးတာတော့ ၁၉၂၁ မှာ ဆောက် ခဲ့ကြောင်း သိရတယ်။၂၀၂၁မှာ နှစ်၁၀၀ ပြည့်တဲ့ အဆောက်အဦးကြီးပေါ့။
အပေါ်မှာ ပြောခဲ့တဲ့ ၁ဆောင်နဲ့ ၂ဆောင်ကြားက လမ်းအတိုင်းသွားရင် ထောင်စေတီနဲ့ ဓမ္မာရုံရှိရှိတယ်။ ထောင် စေတီနောက်မှာ ဖိုကြီးရှိတယ်။ ဖိုကြီးကျော်ရင် မြေကွက်လပ်ကြီး ရှိပြီး လမ်းဆုံးပြီ။ ဒီတော့ ညာဘက်ကို ချိုးရ တယ်။ ညာဘက်က လမ်းအတိုင်းလျှောက်ရင် ဘယ်ဘက်မှာက ဆေးရုံဆောင်ဝန်း။ညာဘက်မှာက ၂ဆောင်ထိပ်။
ဆက်သွားရင် တံခါးတချပ်ရှိမယ်။တံခါးကျော်ရင် ညာဘက်မှာရေစက်၊လမ်းအဆုံးမှာ ထောက် ရုံး။တခါ အနောက်ဘက်အတိုင်းဆက်သွားရင် ဘယ်ဘက်မှာ ထောင်ခန်းမ၊ညာဘက်မှာက ထောက် စတို။လမ်းဆုံးရင် တံခါးတချပ်ရှိမယ်၊အဲဒီတံခါးကျော်ရင် ၃ဆောင်ပဲ။
ဆေးရုံဆောင်မှာ ချွတ်/ခွာတွေ ရှိလာတယ်။ထောင်နဲ့တူလာတယ်။သို့သော် ကျနော့်မှာ ဆဲဆိုခြင်းတောင်မခံရ။ (ချွတ်/ခွာ ဆိုတာက ရှိတာကို ချွတ်ပြီး ခွာယူတာကို ပြောတာ)
အဲဒီအပြင် အကျရုံးအတွက် ကွန်ပျူတာသမားလိုလို့ လာမေးတော့ ကျနော့်တန်းစီးက နာမည်ပေးလိုက်ပေမယ့် ၅၀၅ ဆိုအလုပ်မခိုင်းရဘူးဆိုပြီး ငြင်းခံရတယ်။ ထောင်ပိုင်တန်းစီနေ့အတွက် ထုံးသုတ်၊အမှိုက်သိမ်း ငွေကောက်၊ လုပ်အား လူကောက်ပေမယ့် ကျနော့်ငွေကို မယူရ၊ကျနော့်ကို အလုပ်မခိုင်းရ။
Quarantine ဆောင်နဲ့ ဆေးရုံဆောင်မှာ ရဲအချုပ်က ပါလာတဲ့ ဓလေ့တခု ရှိတယ်။ဒါက ဘာလဲဆိုတော့ ပူလွန်းလို့ အိပ်မပျော်တဲ့အတွက် လူခွဲပြီး ပုဆိုးကို နှစ်ခေါက်ခေါက်ကာ ယပ်ခတ်ပေးရတာ။ နှစ်နာရီကို နှစ်ဦးအလှည့်ကျ ပေါ့။ ဒါပေမယ့် ကျနော်က ၅၀၅ ဖြစ်နေလို့ မလုပ်ရဘူး။ အိပ်ရုံပဲ။
Quarantine ဆောင်နဲ့ ဆေးရုံဆောင်မှာတော့ ဘာယာ မထားသေးဘူး။ ဒါပေမယ့် ထောင်စည်းကမ်းအတိုင်း မနက် ၅နာရီခွဲဆို အိပ်ယာထ။ ၆နာရီ ဘုရားရှစ်ခိုး။ တန်းစီ။ ၆ခွဲမှာ တန်းဖွင့်။၁၀နာရီ ၃၀မှာ တန်းပိတ်။နေ့လည်း တရေးတမောအိပ်၊ နေ့လည် ၂ခွဲမှာ တန်းဖွင့်၊၄နာရီ ၃၀မှာ တန်းပိတ်။ ၅နာရီမှာ ဘုရားရှစ်ခိုး။ ၉နာရီ ခေါင်းချ (အိပ်)။
အချုပ်ဆောင်နဲ့ အကျဆောင်ကျတော့ တန်း(ထောင်)ပိတ်ချိန် ၁၅မိနစ်နောက်ကျတယ်။ နေ့လည်နဲ့ ညနေ တန်း ပိတ်ချိန်ပြောတာ။ တန်းဖွင့်ချိန်ကျ အတူတူပဲ။ တခုရှိတာက မနက် ထောင်ဖွင့်ချိန် တလာစီ(ရှာဖွေရေး)ရှိရင် ၇နာရီ လောက်မှ ဖွင့်တယ်။) နေ့လည်၊ညနေ တန်းပိတ်ရင်လည်း လူစာရင်းမကိုင်ရင် ကြာတယ်။ တခါတလေ စာရင်းမှား နေရင် ၅နာရီကျော်မှ တန်းပိတ်ရတယ်။
အစားအစာကတော့ ထမင်းက မဆိုးဘူးပြောရမယ်။ ဆန်ပျော့ အကောင်းစားမှ စားတဲ့ ကျနော်က ထောင် ထမင်းကို စားလို့ရတယ်။ မနက်စာက ဆန်ပြုတ်လေးရက်။ ကုလားပဲ၊ဆနွင်းနဲ့ရောလှိမ့်ထားတဲ့ ထမင်းကြော်က သုံးရက်။နောက် လက်ဖက်ခြောက် ခတ်ထားတဲ့ရေနွေးကြမ်း၊အဲဒီ သုံးမျိုးလုံး လိုသလောက်ရတယ်။
နေ့လည်စာကတော့ တပတ်လုံး ပဲဟင်း။ဘာအသီးအနှံ၊ဘာအသားမှ မပါတဲ့ ကော်ရည်ထည့်ချက်ထားတဲ့ ပဲဟင်းပျစ်ပျစ်။ ဒါကလည်း လိုသလောက် ရတာပဲ။
ညနေစာက ကြက်ဥပြုတ် ၁လုံးက(တနင်္လာ၊အင်္ဂါ၊သောကြာ) ၃ရက်၊ကြက်ဥပြုတ် ၂လုံးက(ကြာသပတေး) ၁ရက်၊ ပြုတ်ထားတဲ့ ကြက်သားက(ဗုဒ္ဓဟူး၊စနေ) ၂ရက်၊ ငါး(ငါးမုတ်)ပြုတ်က(တနင်္ဂနွေ) ၁ရက်။
ဒီမှာ ကျနော်နဲ့အတူ ထောင်ရောက်လာသူ အချို့အကြောင်းကို ပြောပြချင်ပါတယ်။ခိုးမှုက အမှုတွဲပါ။ ဦးဆောင် သူက “ကြက်သွန်”တဲ့။နာမည်ပေါက် ဆိုင်ကယ် သူခိုး။သူနဲ့ သူ့သူငယ်ချင်းတဦး ဆိုင်ကယ် ၁စီးစီ ၃ခါသွားခိုး တယ်။ ပြန်ရောင်းတော့ တစီးကို ၈၀,၀၀၀ လောက်ပဲရတယ်။သူတို့ ဆိုင်ကယ်ရောင်းပြီး ပြန်အလာကို သွားခေါ် ပေးတဲ့ ဆိုင်ကယ်ကယ်ရီမောင်းသူပါ အမှုတွဲတာ။၃စီးကို ၃မှု သီးခြားဖွင့်တယ်၊ထောင်ရောက်လာတော့ ၁မှုပြီး သွားပြီ။၃နှစ် အကျနဲ့ ထောင်ကို ရောက်လာတာ။(အားလုံးအမှုရင်ဆိုင်ပြီးတော့ ၁မှုကို ၃နှစ်နှုန်းနဲ့ ၃မှု ၉နှစ်ကျ သွားတယ်။)
နောက်လူသတ်မှုက နှစ်ဦး။ တောင်ပေါ်ကရင်တွေ၊အင်မတန် ရိုးတယ်။တောင်ယာတဲမှာ သူတို့နှစ်ဦး အရက် သောက်နေ တာကို အသတ်ခံရသူက ဒါးကိုင်လာပြီး အတူသောက်ရင်းစကားများကြတယ်။ဒီတော့တဦးက သူ့ဒါးနဲ့ သူပြန်ခုတ်လိုက်တာ။တဲရှင်နဲ့မဆိုင်ပေမယ့် တဲရှင်ကိုပါဖမ်းလာတာ။
နောက်တဦးက ကပစ က စစ်/စည်းနဲ့ ရောက်လာတာ။
သူ့အဖြစ်က ရီရမလို၊ငိုရမလို။ သူက လိုင်းပေါ်ကနေ ဖွန်ကြောင်တယ်။သူကြောင်မိတဲ့ကောင်မလေးက PDF ဖြစ်နေတယ်။ ဒါကိုသူက မသိဘူး။ ကောင်မလေးက ဓါတ်ပုံတောင်းတော့ ဂိတ်မှာ ယူနီဖောင်း၊ လက်နက် အပြည့်အစုံနဲ့ ကင်းစောင့်နေတဲ့ပုံကို ပို့လိုက်တယ်။ ဒီမှာ ကောင်မလေးက သူကို ချဉ်းကပ်ပြီး သတင်းယူဖို့ လုပ်နေတဲ့သူဆိုပြီး လိုင်းပေါ်က ဖြန့်တယ်။ အဲဒီပုံက တော်တော်ပြန့်သွားပြီး သူ့တပ်က PDF နဲ့ ဆက်သွယ်တယ်ဆိုကာ စစ်/စည်းနဲ့ ထောင် ၇ နှစ်ချလိုက်တာ။
ရှိ ၃ ရှိ
ဒီလိုနဲ့ ဆေးရုံဆောင်မှာ တပတ်နေပြီး မိန်းဂျေးမှာ အဆောင်ခွဲတဲ့ရက် ရောက်လာတယ်။ ထောင်မှုးကြီး (နှစ်ပွင့်)က ၅၀၅ ပါလားမေးတော့ ပါတယ်ပေါ့။ ဘာလုပ်လဲဆိုတော့ သတင်းစာဆရာပေါ့။ ငါ့ထောင်က သတင်းရေးဖူးလားဆိုတော့ ကျနော်လည်း ခပ်မာမာပဲ။ လူမိုက်တဦး ကိုဗစ်အကြောင်းပြ ဆေးရုံတက်တဲ့ အကြောင်းရေးခဲ့တယ်ဆိုတော့ မှောက်ထားတဲ့။ စပ်ဖြဲဖြဲနဲ့။ တကယ်က မလုပ်ပါဘူး။ ကျနော့်အန္တရာယ် အတိမ်အနက်ကို ခန့်မှန်းတာပါ။
ဒီလိုနဲ့ ၅၀၅ ဆို ၃ ဆောင်ပို့လိုက်ဆိုတော့ ကျနော်လည်း ၅၀(ည)တဦးပါကြောင်းနဲ့ သူလည်း နိုင်ငံရေးပုဒ်မ ဖြစ်ကြောင်း ပြောလိုက်တော့ သူနဲ့ကျနော် ၃ ဆောင်ရောက်တယ်။ ၃ ဆောင်ဆိုတာက ကြိုးစင်နေရာကို ဖျက်သိမ်းလိုက်ပြီး အဆောင်သစ်ဆောက်ထားတဲ့ တိုက်အဆောက်အဦ။
ကျနော်နဲ့သိတဲ့ ၃ဆောင်က နိုင်ငံရေးအကျဉ်းသားတွေက ထောင်စေတီနားကနေ လာကြိုကြတယ်။ အထုတ်တွေ ကူဆွဲကြတယ်။
အဆောင်မှူး ရုံးခန်းမှာ စာရင်းသွင်းပြီးတော့ ကျနော်နေရမယ့် ၄ ခန်းကို ခေါ်သွားတယ်၊ အခန်းထဲမှာ သူတို့က ကျနော်နေဖို့ နေရာက စီစဉ်ထားပေးပြီးသား။ ဘုရားစင်အနီး ပြတင်းပေါက်ဘေးမှာ နေရာချပေးထားတယ်။ အဲဒီ တုန်းက အခန်းမှာ လူ ၃၀ တောင် မပြည့်သေးတော့ ချောင်ချောင်ချိချိပဲ။
၃ ဆောင်က အောက်ထပ်မှာ ၄ ခန်း၊ အပေါ်ထပ်မှာ ၄ ခန်းရှိတယ်။ အပေါ်ထပ်က ၇ ခန်းမှာ လွှတ်တော်အမတ် တွေ၊ နာမည်ကြီး တက်ကြွလှုပ်ရှားသူတွေ(လူကြီးတွေ)ထားတယ်။ ၇ ဦးထင်တယ်။ ကျန်တဲ့ အခန်း ၃ ခန်းက အလွတ်။
အောက်ထပ်က ၄ ခန်းမှာက နိုင်ငံရေးအကျဉ်းသားက ၂ ခန်း၊ ၃- ခန်း နဲ့ ၊ ၄ ခန်း။ ၁ ခန်းက ပုံစံခန်း၊ ၂_ခန်းက အလုပ်ဘုတ်ခန်း။ ဘုတ်ခန်းဆိုတာက အလုပ်ဘုတ်ကို ဦးဆောင်ရတဲ့(ဘုတ်ခေါင်း) အခြားမှုက လူတွေကို ထားတာ။ ပုံစံခန်းကတော့ ထောင်ကျတွေကို ပုံစံပြတဲ့အခန်း။
ထောင်မှာ “ ရှိ ၃ရှိ ” မှာ တခုတော့ “ရှိ” ရမယ်လို့ဆိုပါတယ်။ ”ဘောင်ချာ”ရယ်၊ ”ဘော်ဒါ”ရယ်၊ ”ဒေါ်လာ” ရယ်ထဲက တခုခု ရှိရမယ်ပြောရပါ။ ”ဘောင်ချာ” ကတော့ ထောင်အာဏာပိုင်တဦးဦးဆီကို လိုင်းဝင်ထားတာကို ပြောတာပါ။ ”ဘော်ဒါ” ကတော့ “ထောင်ထဲက နာမည်ကြီး လူမိုက်” တဦးဦးနဲ့ သိကျွမ်းမှု ရှိနေရမှာပါ။ ဒါကို ထောင်စကားနဲ့ ”ပတ်သက်” လို့ သုံးပါတယ်။ ”ဒေါ်လာ” ကတော့ “ငွေ”ကို ပြောတာပါ။ ထောင်ထဲမှာ နှိပ်စက်မခံရဖို့ ခုနပြောတဲ့ “ရှိ ၃ ရှိ” မရှိလို့ကို မရပါဘူး။
တဦးဦးဟာ ရဲအချုပ်ကနေ ထောင်ကို ပို့တော့မယ်ဆိုတာနဲ့ ထောင်အာဏာပိုင်တဦးဦးက ကြည့်ရှုစောင်မဖို့ မိသားစု က ငွေပေးပြီး အပ်ထားကြပါတယ်။ ဥပမာ-သက်ဆိုင်ရာ မိသားစုက ဗိုလ်လေးမောင်ဖြူဆီ သွားပြီး ကျနော်တို့ ညီ/သား/တူ စသဖြင့် ဘယ်နေ့ ထောင်ကို ရောက်မယ်။ ကြည့်ရှုပေးပါဆိုပြီ ငွေသွားပေးထား တာပါ။အနိမ့်ဆုံး သိန်းဂဏန်းပေးရပါတယ်။ အရင်တည်းက ပုဂ္ဂိလ်ရေး ရင်းနှီးရင်တော့ ၂သိန်း/၃သိန်းပေါ့။ အမှုအပေါ်မှာလည်း မူတည်တယ်။ဈေးက။ဘာကြောင့်ဆို အဲဒီထောင်မှူး တခြားထောင်တခုခုကို မပြောင်း မခြင်း၊အကျဉ်းသား မလွတ်မခြင်း ကြည့်ရတာကို။ ယျေဘူယျအားဖြင့် ၁၀သိန်းဝန်းကျင်လောက် ပေါက်ပါတယ်။
ငွေယူထားတဲ့ ထောင်အရာရှိက တန်းစီးချုပ်ကို “ဒါ ငါ့လူ”လို့ ပြောထားတာနဲ့ ဘယ်သူမှ မထိရဲ မတို့ရဲ တော့ပါဘူး။ တခါ တန်းစီးချုပ်က ဘောင်ချာဖွင့်ထားသူ နေရမယ့်အခန်းက အခန်းလူကြီးကို “ဒါက ဗိုလ်လေး … ဘောင်ချာ” ဆိုတာနဲ့ အကုန် အဆင်ပြေပါပြီ။ ဘောင်ဒါဆောင်ထားရင် နောက်ထပ် မပေးရတော့ဘူးလို့တော့ မဟုတ်ပါဘူး။ မပေးလည်း ရပေမယ့် နည်းနည်းပါးပါးတော့ အခန်းလူကြီးကို ကျွေးမွေးထားတော့ ပိုအဆင်ပြေ တာပေါ့။ ဒါက “ဘောင်ချာ” ဆိုတာပါ။
“ဒေါ်လာ” ကတော့ အထဲရောက်မှ ကြည့်လုပ်တာပါ။ ရောက်ရာနေရာက အာဏာရှိတဲ့အကျဉ်းသားကို ချဉ်းကပ်ပြီး အိပ်ဖို့နေရာကောင်းရဖို့၊ အလုပ်ဘုတ်မလိုက်ရဖို့၊ ထုထောင်းတာတွေ မလုပ်ဖို့ နေရာတိုင်းကို ငွေနဲ့ဖြေရှင်းတာကို ပြောတာပါ။
“ဘော်ဒါ” ကိုတော့ ထောင်အသုံးအနှုန်းနဲ့ “ပတ်သက်”လို့ သုံးနှုန်းပါတယ်။ ထောင်ထဲက နာမည်ရှိ လူမိုက်တဦးဦးနဲ့ သိတာကို ပြောတာပါ။ ထောင်လူမိုက်တန်းမှာ တန်းရှိတဲ့ လူမိုက် မောင်ဖြူဆို ပါတော့။ လူမိုက်မောင်ဖြူနဲ့ အရင်တည်းကသိတဲ့ အကျဉ်းသားကို “မောင်ဖြူ ပတ်သက်” လို့ ပြောပြီး မထိ၊ မတို့တာကို ဆိုလိုတာပါ။
ထောင်မှာ လူမိုက်လို့ အချင်းချင်း အသိအမှတ်ပြုထားသူတွေက တဦးကိုတဦး လေးစားမှု ထားကြပါတယ်။ ထောင်မှာ အဲဒါကို “အထာ” ထားတယ်လို့ သုံးနှုန်းပါတယ်။ အဲဒါကြောင့် လူမိုက်တဦးဦးနဲ့ သိကျွမ်းနေရင်လည်း ထောင်မှာ အေးအေးဆေးဆေး နေလို့ရပါတယ်။
“ရှိ ၃ ရှိ” မရှိရင် ဘာဖြစ်လဲဆိုတာ အားလုံးကြားဖူးကြမှာပါ။ နာမည်ရှိ လူမိုက်တွေကတော့ “ရှိ ၃ ရှိ” ရှိစရာ မလိုပါဘူး။ ဒါပေမဲ့ နာမည်ကြီး လူမိုက်မဟုတ်ရင်တော့ တခုတော့ ရှိပါတယ်။ “ရှိ၃ရှိ” မရှိလည်း မိုက်ဂုဏ်နဲ့ ရင်းရဲရင် ရပါတယ်။ နာမည်ရှိတဲ့ လူမိုက်တဦးဦးကို သတ်လိုက်တာမျိုး၊ ထောင်ဝန်ထမ်းကို သတ်လိုက်တာမျိုး။ ထောက်ထဲမှာ အုပ်စုမရှိတဲ့ ခပ်စွာစွာကောင်တွေနဲ့ မကြာခဏ ရန်ဖြစ်တာမျိုးနဲ့ အနာခံရင်းရဲရင်တော့ ထောင်ထဲမှာ “အထာ” ထားခံရလာပါလိမ့်မယ်။
ဆက်လက်ဖော်ပြပါမယ်။
(စစ်အာဏာသိမ်းပြီး ၂၀၂၁ မှာ ပုဒ်မ ၅၀၅-က နဲ့ ထောင် ၂ နှစ်ချမှတ်ခံခဲ့ရတဲ့ စာရေးသူ ဒေါင်းမြီးရဲ့ ထောင်တွင်း အတွေ့အကြုံတွေကို မဏ္ဍိုင်မှာ အခန်းဆက်ဖော်ပြပေးနေတာပါ။
စာရေးသူ ဒေါင်းမြီးဟာ ထောင်ထဲမှာ ၁၅ လ ကျော် နေထိုင်ခဲ့ရပြီး ထောင်က လွတ်ဖို့ ၆ လ ကျော်လောက် အလို မှာ ထောင်ဥပဒေကျင့်ထုံး(ကျင့်)-၄၀၁နဲ့ လွတ်မြောက်ခဲ့ပါတယ်။ လက်ရှိစာရေးသားချိန်မှာ အကျဉ်း သားတွေရဲ့ လုံခြုံရေး၊ ထောင်ဝန်ထမ်းတချို့ရဲ့ လုံခြုံရေးတွေကို ငဲ့ကွက်ပြီး ထောင်အမည်ကို ချပ်လှန်ထားသလို နာမည် တချို့ကိုလည်း လွှဲပြောင်းရေးသားထားပါတယ်။
ဆိုးရွားလှတဲ့ ထောင်ယန္တရားကို ညီညွတ်မှုနဲ့ ဖြတ်ကျော်ခဲ့ကြတာ၊ ထောင်ရဲ့သဘော၊ သဘာဝ၊ ညံ့ဖျင်းလွန်းတဲ့ အစားအစာနဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ်၊ ခက်ခဲလှတဲ့ အခြေအနေမှာ ရုန်းကန် နေထိုင်ရမှုတွေ၊ အကျဉ်း ကျခံနေရပေမယ့် လုပ်ဆောင်နိုင်တဲ့အရာကို နိုင်ငံရေးအကျဉ်းသားတွေ လုပ်ဆောင်နေတယ်ဆိုတာ သိမြင်စေဖို့၊ နိုင်ငံရေးအကျဉ်းသားတွေကို ပစ်ပယ်မထားဖို့ စတဲ့ ရည်ရွယ်ချက်တွေနဲ့ ရေးသားထားတဲ့ ဆောင်းပါးဖြစ်ပါတယ်။)
5 comments
phwin88login is a solid choice for online gaming. The login is quick, and there’s a decent selection of games. Nothing crazy, but a dependable option for a fun pastime. phwin88login
playpal77 https://www.playpal77sy.org
phtaya06 https://www.phtaya06y.com
okbet15 https://www.okbet15.org
taya333 https://www.taya333.org