ဒေါင်းမြီးရေးသည်။
မဏ္ဍိုင်၊ နိုဝင်ဘာ ၅၊ ၂၀၂၅။
ထောင်သို့အဝင်
“၅၀၅ ပါလား” “ဟုတ်၊ ပါပါတယ်ခင်ဗျ” “နာမည်ပြော” “——–ပါ” “အေး…ဒါဆို ဟိုဘက်မှာနေ…” မေးသူက ပုခုံးမှာ အပွင့်တစ်ပွင့်နဲ့ လက်ထောက်ကြီးကြပ်ရေးမှူး(ခေါ်)ထောင်မှူးလေး။ မျက်နှာထားက ခပ်တင်း တင်း။ စစ်အက်ဥပဒေနဲ့ တစ်ဦးပါလာပြီး သူ့ကိုလာအပ်တဲ့ စစ်တပ်က ဗိုလ်ကြီးအဆင့်တွေကို ခပ်တင်းတင်းပဲ ပြောဆိုဆက်ဆံနေတယ်။
စစ်တပ်က ဗိုလ်ကြီးက သူ့တပည့်အတွက် ဆေးလိပ်အစည်းလိုက်ပါလာတယ်။ ဒါကို ပြန်ပေးနေတာ။ ပြီးတော့ ကျောပိုးအိတ်ပါလာလို့ အထဲက ပစ္စည်းတွေကို ကြွပ်ကြွပ်အိတ်နဲ့ထည့်ခိုင်းပြီး ကျောပိုးအိတ်ကို ပြန်ပေးပါတယ်။ ဒါကို ဗိုလ်ကြီးက မကျေမနပ်ပြောနေလို့ ထောင်မှူးလေးက ပြန်ဟောက်နေတာ။
ကျွန်တော်တို့ကို ထောင်ကိုပို့တော့ ကျွန်တော့်ကို ချုပ်ထားတဲ့ အချုပ်ခန်းက ကျွန်တော်အပါ သုံးဦး။ ကျန် နှစ်ဦးက အခြားအမှု။ အချုပ်ထဲရောက်မှ ခင်မင်ကြတာဆိုပေမယ့် တော်တော့်ကို ရင်းရင်းနှီးနှီးဖြစ်သွားတယ်။ သူတို့က ထောင်ထဲကို ဝင်ထွက်ဖူးသူဆိုတော့ ထောင်အထာနပ်တယ်။ သူတို့ကို နှစ်ယောက်တွဲ လက်ထိပ်ခတ်၊ ကျွန်တော့် ကိုက တစ်ဦးတည်း လက်ထိပ်ခတ်ပြီး ပို့တာ။ သူတို့နှစ်ယောက် ထောင်အဝင်ကောင်းအောင် ထောင်ထဲမှာ တန်းစီးချုပ် ၅ ခါလောက်လုပ်ဖူးပြီး မကြာခင်ကမှ ထောင်က ပြန်လွတ်သွားတဲ့ လူမိုက်ကြီးတစ်ဦးက ဝန်ထမ်း သက်/သာမှာ စောင့်ပြီး ထောင်အာဏာပိုင်တွေဆီ အပ်ပေးတယ်။
အဲဒီလူမိုက်က ကျွန်တော်နဲ့သိတော့ ကျွန်တော့်ကို အံ့ဩတကြီးနဲ့ မေးမြန်းတယ်။ ထောင်အာဏာပိုင်တွေဆီကို တော့ မအပ်ပေးဘူး။ အကြောင်းက နိုင်ငံရေးမှုဖြစ်နေလို့။ ကျွန်တော်တို့ မြို့က အခြားရဲစခန်းက လာပို့တဲ့ အချုပ်သားတွေလည်း ရှိတယ်။ အခြားမြို့ ရဲစခန်းက လာပို့တာတွေလည်း ရှိတယ်။ မြို့နယ် လေးခုလောက်က လာပို့ ကြတာ။ မြို့နယ်တစ်ခုက အမှုတွဲ ၃ ဦးကို လက်ထိပ်ခတ်ပြီး သံကြိုးနဲ့ တွဲထားတယ်။ ထောင်က အချုပ်တွေကို လက်ခံတော့ ဒဏ်ရာ ပါ/မပါ စစ်ဆေးတယ်။ ဘယ်သူမှ ဒဏ်ရာ ပါမလာပါဘူး။ ကျွန်တော့်ဒဏ်ရာကတော့ ကျက်နေပြီဖြစ်တဲ့အပြင် ခေါင်းမှာ ဖြစ်တော့ မတွေ့ပါဘူး။
အဲဒီနေရာမှာ ပါလာတဲ့ အိတ်တွေကို ထောင်ဝန်ထမ်းတစ်ဦးက ရှာပါတယ်။ ရှာတယ်ဆိုရုံလောက် ဝတ်ကြေ တန်းကြေပါပဲ။ တင်းတင်းကြပ်ကြပ်ကြီး စစ်တာ၊ ရှာတာ မရှိပါဘူး။ ထောင်ထဲကို ကျောပိုးအိတ်တွေ၊ ခရီးဆောင်အိတ်တွေနဲ့ အဝတ်အစားယူလာလို့ မရပါဘူး။ ပင်နံအိတ်အသားလိုမျိုးကို ခရီးဆောင်အဖြစ် ချုပ်ထားတဲ့ အပေါစားအိတ်နဲ့ပဲယူလာလို့ ရပါတယ်။
ဖိနပ်ကလည်း ကတ္တီပါ ဖိနပ်၊ သားရေဖိနပ်၊ ကွင်းထိုးဖိနပ်တွေ စီးလာလို့ မရပါဘူး။ ဂျပန်ဖိနပ်ပဲ စီးလာလို့ ရပါ တယ်။ ဘောင်းဘီရှည်၊ ဘောင်းဘီတိုကတော့ ယူလာလို့ ရပါတယ်။ ထောင်ထဲမှာ ဝတ်လို့ မရပါဘူး။ အိပ်ဆောင် မှာပဲဝတ်ပေါ့။ နောက် ကျန်းမာရေးအတွက် ဆေးတွေ ယူလာလို့ မရဘူး။ ဒါတွေက ကျွန်တော့်အတွက် ပြဿနာ မရှိပါဘူး။ ကျွန်တော်က အချုပ်မှာထဲက စုံစမ်းပြီးသားမလို့ အကုန်ပြင်ဆင်ထားပြီးသားပါ။
ကျွန်တော်ယူလာတာက အိတ်တစ်ခုထဲမှာ ငံပြာရည်ကြော်တဘူး၊ ကြက်မွကြော်တစ်ဘူး။ ပုဇွန်ဆိတ်ကို ခြောက် နေအောင် ကြော်ထားတာ တစ်ဘူး၊ တစ်ပတ်စာပေါ့။ နောက် ကော်ဖီမစ်က သုံး ပါကင်။ နှစ် ပါကင်က ကိုယ့် အတွက်။ တစ်ပါကင်က ထောင်ထဲမှာ လူကြိုက်အများဆုံး စူပါကော်ဖီမစ်။ ဒါက လိုအပ်ရင် လမ်းကြောင်းခင်းဖို့။
နောက် ကွမ်းရွက်၊ ထုံးဗူး၊ ဆေးဗူးနဲ့ ကွမ်းသီး။ ဆေးဗူးကတော့ ထောင်က ယူလို့မရလို့ သိမ်းထားပါတယ်။ နောက်တစ်အိတ်ကတော့ အဝတ်အစား သုံးစုံနဲ့ အနွေးထည် နှစ်ထည်။ စောင်နှစ်ထည်၊ မျက်နှာသုတ်ပုဝါနဲ့ တစ်ကိုယ်ရည်သုံးပစ္စည်းတွေပေါ့။ ဒီဇင်ဘာလကြီး ထောင်ရောက်တာဆိုတော့ အနွေးထည် လိုတာပေါ့။
ကျွန်တော်တွေးမိတာကတော့ တတိယအကြိမ်မြောက်နေရာသစ်တစ်ခုမှာ စိန်ခေါ်မှုအသစ်တွေကို ဘယ်လိုကျော် ဖြတ်ကျော်ရမလဲ ဆိုတာပါပဲ။ ပြီးတော့ သီးခြား စာရင်းယူထားတာဖြစ်လေတော့ ထောင်မှာလည်း ထပ်ပြီး အတွယ်ခံရတော့မယ်လို့ပဲ မျှော်လင့်ထားတယ်။ ဖတ်ဖူးတဲ့ ထောင်အကြောင်း စာအုပ်တွေထဲမှာလည်း သီးခြား ခွဲထား။ ရိုက်နှက်။ နောက် တိုက်မှာထား။ ဒီလိုမျိုးတွေ ဖတ်ဖူးတော့ ငါကြုံရပြီ ဆိုတဲ့အတွေးကတော့ မတွေးပဲကို ဝင်လာတယ်။ ဒါပေမယ့် ကျွန်တော်မျှော်လင့်ထားသလို သီးခြားခွဲထုတ် ရိုက်နှက်ခြင်းလည်း မရှိ။
အဲဒီထောင်ကို ပို့တဲ့အသုတ်မှာ နိုင်ငံရေးအကျဉ်သားက ကျွန်တော်ပဲ ပါတယ်။ (ထောင်အခေါ်ကတော့ အရေးကိစ္စ အကျဉ်းသားပေါ့)။ အခြား နှစ်ယောက်က ရန်ဖြစ်တာ။ ကိုယ့်မြို့က အဲဒီနှစ်ယောက်နဲ့ ကျွန်တော်။ ၃ ဦးမှု ခိုးမှု အမှုတွဲ ( ခိုးသူ ၂ ဦး၊ ကယ်ရီမောင်းသူ ၁ ဦး)၊ လူသတ်မှုက ၂ ဦး(တစ်ဦးက လူသတ်တာ၊ တစ်ဦးက အခင်းဖြစ်ရာ တဲရှင်)။ သူတို့တွေ အကုန်လုံးက အခြားမြို့က။ ၅၀-ည တစ်ဦးပါတယ်။ သူက ကျွန်တော်တို့ တိုင်းမှာ ပထမဆုံး ၅၀-ည။ နောက်တစ်ဦးက စစ်ဥပဒေနဲ့ အရေးယူခံထားရတဲ့ စစ်သားတစ်ဦး။
ကျွန်တော်တို့ဟာ အရင်ဆုံး Quarantine ဆောင်မှာ နေရတယ်။ သူ့ရှေ့တည့်တည့်မှာ အမျိုးသမီးဆောင်ရှိတယ်။ နောက်မှာ ၃ ဆောင်ရှိတယ်။ နိုင်/ကျဉ်းတွေ ထားတဲ့နေရာ။ Quarantine နဲ့ ၃ ဆောင်ကို ၁၆ ပေလောက်မြင့်တဲ့ အုတ်တံတိုင်းနဲ့ ခြားထားတယ်။ ထောင်ဖွင့်ချိန်ဆို Quarantine နဲ့ ၃ ဆောင်က တစ်ဆောင်နဲ့တစ်ဆောင် လှမ်း အော်ပြောကြတယ်။
နိုင်/ကျဉ်းပါလာရင် ပြောတာ။ အဲဒီလို ပြောလို့ ဘာမှ မဖြစ်။ အဲဒီတုန်းက တစ်ပတ်လုံးမှာ သောကြာနေ့တနေ့သာ အချုပ်ကလူတွေကို ထောင်က လက်ခံတယ်။ (နောက်ပိုင်းမှာတော့ တနင်္လာနေ့ပါ တစ်ပတ် ၂ ရက် လက်ခံတယ်) လူသစ်တွေက Quarantine ဆောင် အပေါ်ထပ်မှာ နေရတယ်။ အရင်တစ်ပတ်က လူဟောင်းတွေက အောက်ထပ် မှာ။ နောက်တစ်ပတ်ကျတော့ လူဟောင်းတွေက ဆေးရုံဆောင်သွား။ လူသစ်က အောက်ထပ်ဆင်း။ နောက်ထပ် ရောက်လာတဲ့ လူသစ်က အပေါ်တက်။
အဲဒီမှာတော့ အရင်ရောက်နေတဲ့သူတွေက အိတ်တွေကို ရှာတာတွေရှိတယ်။ လိုချင်တာတွေ ရှိရင် ယူထားတယ်။ ကျွန်တော့်အိတ်တော့ သာမန်လောက်ပဲရှာတယ်။ အရင်အသုတ်က ပို့လိုက်တဲ့ ၅၀၅ တစ်ဦးက တန်းစီးဖြစ် နေတာကိုး။ ဒါကြောင့် ကျွန်တော့်အိတ် မရှာရဲ။ မယူရဲ။
အဲဒီက တန်းစီးဆိုတာက နှစ်ပတ်ပဲ လုပ်ရတဲ့ ယာယီတန်းစီးပါ။ သူတို့ တန်းစီးလုပ်တာကတော့ ကိုယ့်လူကို ကာကွယ်နိုင်အောင်ပါ။ သူက ဘောင်ချာသမားဆိုတော့ သူ့ကိုယ်သူ လုံခြုံတယ်လေ။ ဘောင်ချာ မရှိသူတွေကို ကာကွယ်နိုင်ဖို့ တန်းစီးလုပ်လိုက်တာ။ အဲဒီလိုတွေ တန်းစီးလုပ်လို့လည်း အခြားအမှုတွေကို ထောင်ကျင့် မကျင့်ခံရတော့ဘူး။ ဒီတော့ အခြားအမှုတွေနဲ့ ဆက်ဆံရေး ကောင်းမွန်လာတယ်လေ။ အဲဒီတန်းစီးလုပ်တဲ့ တစ်ယောက်လည်း အိမ်က အလိုက်ကောင်းလို့ စစ်ကြောရေးက အသက်ပြန်ပါလာတာ။
Quarantine ဆောင် မှာ စိုက်ခင်းလေးတွေရှိတယ်။ အဲဒီမှာ အလုပ်လုပ်ရတယ်။ ဒါပေမယ့် ၅၀၅တွေ မလုပ်ရဘူး။ အဲဒီ အဆောင်မှာပဲ ကိုယ့်ရဲ့ ကိုယ်ပေါ် အမှတ်အသားတွေကို စစ်တယ်။ စာရင်းသွင်းတယ်။ ထောင်ဝင်နံပါတ် ထုတ်ပေးတယ်။”–/၂၁/၀၀—/ခ” ဆိုတဲ့ နံပါတ်ပါ။ ရှေ့ဆုံးကို ကိုယ့်ကိုလက်ခံတဲ့ ထောင်ရဲ့ မြို့နယ် အတို ကောက်(အင်းစိန်ဆို အစ)၊ ၂၁ဆိုတာက ကိုယ် ထောင်ကို ရောက်တဲ့ ခုနှစ်။ ၀၀ ဆိုတာက နံပါတ်။ ဂဏန်း ငါးလုံး အထိ ရေတွက်တယ်။ ”ခ”ဆိုတာ အချုပ်ကိုဆိုလိုတာ။
Quarantine ဆောင်က စတိုထဲမှာ အဓိကရုဏ်းနှိမ်နှင်းရေးချပ်ဝတ်တန်ဆာတွေရှိတယ်။ ထောင်ဆူတဲ့အခါ နှိမ်နှင်းဖို့အတွက်ပေါ့။ နောက် ဖြုတ်သိမ်းထားတဲ့ ကြိုးစင်က ပစ္စည်းတွေရှိတယ်။ အဲဒီထောင်က အရင်တည်းက ကြိုးစင်ရှိသလို အင်္ဂလိပ်ခေတ်တည်းက ကြိုးပေးသတ်ခဲ့သူတွေ ရှိတယ်။
ဒီလိုနဲ့ Quarantine ၁၄ ရက်ဖြတ်ပြီး ထောင်ထဲဝင်ရတဲ့နေ့ကို ရောက်လာတယ်။ မိန်းဂျေးနဲ့ ထောင်ဘူးဝကို ဖြတ်ရမှ ထောင်ထဲရောက်တယ်ဆိုတဲ့ ဆိုရိုးရှိတာကို။ ထောင်ဆိုတာ မိန်းဂျေးကို ရောက်ဖို့ သံတံခါးကြီး တစ်ခုရှိတယ်။ ထောင်ဘူးဝရဲ့ ပထမဆုံးတံခါးပေါ့။ အဲဒီတံခါးထဲမှာ လမ်းခြားပြီး ဘယ်ဘက်မှာ ထောင်ပိုင်ကြီး (လက်ထောက်ညွှန်ကြားရေးမှုး-ဗိုလ်မှုးအဆင့်) ရုံးခန်း၊ သူ့မျက်နှာချင်းဆိုင် ညာဘက်မှာ ထောင်ရုံးလို့ခေါ်ရမယ့် ရုံးပိုင်းဆိုင်ရာ စီမံခန့်ခွဲမှု လုပ်တဲ့ ထောင်ရုံးရှိတယ်။ ထောင်ဘူးဝလို့ခေါ်တဲ့ ထောင်ဘူးဟာ အဲဒီနေရာပါပဲ။ အဲဒီအပေါ်မှာ အထပ် နှစ်ထပ်ရှိတယ်။
တစ်ထပ်က ထောင်ပိုင်လေး (ဦးစီးအရာရှိ- သုံးပွင့်) နေအိမ်ရှိပြီး အပေါ်ဆုံးထပ်ကတော့ ဗဟိုကင်းနဲ့ လက်နက် တိုက် ဖြစ်ပါတယ်။ ဗဟိုကင်းကနေ ထောင်ထဲကို MA-2 အမျိုးအစား စက်ကလေးကို အသေ ထောက်ထားတဲ့ ဒေါက်ကိုတပ်ပြီး အမြဲချိန်ထားတယ်။ အကျဉ်းသားတွေ ပုန်ကန်ပြီး မိန်းဂျေးတံခါးကို တိုးထွက်လာရင် ပစ်နိုင် အောင် စီစဉ်ထားတာ။
အထက်မှာပြောခဲ့တဲ့ ထောင်ပိုင်ရုံးခန်းနဲ့ ထောင်ရုံး(ထောင်ဘူးဝ)ကိုကျော်လာတော့ သံတံခါးတစ်ခု ထပ်ရှိတယ်။ သံတခါးကို ကျော်တော့ တမံတလင်းခင်းထားတဲ့ ကွက်လပ်၊ အဲဒီကွက်လပ်ရဲ့တစ်ဖက် ဘယ်ဘက်မှာက တိုက်ဝန်း၊ တိုက်ဝန်းကိုလည်း သီခြားအုတ်တံတိုင်းကာထားပြီး တံခါးပိတ်ထားတယ်။ တိုက်က တစ်ဆက်တည်း ခုနစ်ခန်းရှိတယ်။
တစ်ဖက်ဖြစ်တဲ့ ညာဘက်မှာက အကျရုံးရှိတယ်။ တစ်ပွင့် ဗိုလ်လေး တစ်ဦး တာဝန်ခံပါ တယ်။ အဲဒီရုံးက နေ့စဉ်နဲ့ အမျှ အကျဉ်းသားတွေ အားလုံးကို “လျော့ရက်” နဲ့ ”ကွာ”နှုတ်တာ၊ တစ်လတာ ထောင်ကလွတ် မယ့်သူကို သက်ဆိုင်ရာ အဆောင်အလိုက် ထုတ်ပြန်တာ။
ရုံးထွက်ရမယ့် စာရင်းတွေ လုပ်ရပြီး သက်ဆိုင်ရာ အဆောင်အလိုက် ကြေငြာရတာ။ ထောင်ပုံစံ-၃၂ လို့ ခေါ်တဲ့ အကျဉ်းသားတစ်ဦးစီရဲ့ ပြစ်မှု မှတ်တမ်းတွေ ပြုစုရတာတွေ။ ထောင်ထွက်လက်မှတ် ထုတ်ပေးတာတွေ လုပ်ရပါ တယ်။ အဲဒီမှာ ခုနကပြောတဲ့စာရင်းတွေ ကိုင်တွယ်ရတာလည်း အကျဉ်းသားတွေပါပဲ။ ဝန်ထမ်းဆိုလို့ အကျရုံး တာဝန်ခံ ဗိုလ်လေးတစ်ဦးပဲ ရှိပါတယ်။
အဲဒီက အကျဉ်းသားတွေကိုတော့ စစ်တပ်က စစ်စည်းနဲ့ကျလာတဲ့ စစ်တပ်အရာရှိတွေ၊ ကွန်ပျူတာ ကိုင်တွယ် တတ်တဲ့ တပ်ကြပ်အဆင့်တွေပဲ တာဝန်ပေးပါတယ်။ အကျရုံးကို စက်ချုပ်ဘုတ်နဲ့ တွဲထားပါတယ်။ စက်ချုပ် ဘုတ်ကတော့ အထွေအထူး မရှိပါဘူး။ စက်ချုပ်တတ်သူ တစ်ဦးတည်းကိုသာ ထားတာပါ။ သူက ဝန်ထမ်း ယူနီဖောင်းချုပ်ပေးတာနဲ့ ထောင်ရုံးခန်းတွေအတွက် လိုအပ်တဲ့ ခန်းဆီး၊ လိုက်ကာတွေပဲ ချုပ်ရပါတယ်။
အကျရုံးကိုကျော်လာတော့ သစ်သားတံခါးကြီးတစ်ခု ရှိတယ်။ အဲဒါက မိန်းဂျေးတံခါး။ ဘယ်အကျဉ်းသားမှ အဲဒီ သစ်သားတံခါးအနီးကို ကပ်ခွင့် မရှိဘူး။ ”အကြောင်းမရှိပဲ တံခါးအနီး ချဉ်းကပ်လာရင် ပစ်ခတ်ဖြိုခွင်းခြင်း ခံရမည်” ဆိုပြီး စာရေးထားတယ်။ သစ်သားတံခါးကျော်လာတော့ ဘယ်ဘက်မှာက နှစ်ထပ်သစ်သားဆောင် ကြီး တွေ့ရတယ်။ ဒါက ၂ ဆောင်။ ၂ဆောင်ကို အကျဆောင်လို့လည်း ခေါ်တယ်။
အမိန့်ချပြီးသား(ထောင်ကျ)တွေကို ထားလို့။ ညာဘက်မှာက ၁ ဆောင်။ ၁ ဆောင်ကို အချုပ်ဆောင်လို့လည်း ခေါ်တယ်။ ထောင်မှာ ချုပ်ထားသူ တွေ၊ အမှုရင်ဆိုင်နေဆဲသူတွေကို ထားတာ။ သူတို့က အပြစ်မရှိဘူးလို့ အမိန့်ချရင် ပြန်လွတ်သွားပါတယ်။
၂ ဆောင်အောက်မှာက မိန်းဂျေး။ မိန်းဂျေးက ကျွန်တော် သဘောပေါက်သလောက် ထောင်ရဲ့ ကွပ်ကဲမှုနဲ့ စီမံအုပ်ချုပ်မှုကို တာဝန်ယူထားတာပါ။
အဆောင်မှူးတွေရဲ့ အဆောင်မှာ နေ့စဉ် ဖြစ်ပျက်သမျှ တင်ပြမှုအပေါ် သုံးသပ်ခြင်း၊ ဘယ်သူ ဆေးခန်းပြတယ်၊ ဆေးခန်းပြသူ ဘယ်အဆောင်မှာ ဘယ်နှစ်ဦးရှိတယ်၊ ဘာရောဂါတွေ ဖြစ်နေတယ်၊ ဘယ်သူတွေ ရုံးထုတ်ရမယ်၊ ဘယ်နှစ်ဦး ရုံးထုတ်တယ်၊ ရုံးထုတ်သူတွေထဲ အကျတွေပါရင် ခြေခြင်းရိုက်ဖို့၊ ရုံးထုတ်ပြန်လာသူတွေ တားမြစ်ပစ္စည်းတွေ ပါမလာဖို့ စစ်ဆေးတာ၊ ထောင်ဖွင့်/ထောင်ပိတ် လူစာရင်းစစ်တာ။ ထောင်ကို ရှာဖွေရေး(တလာစီ)ဖို့ စီစဉ်တာ၊ ထောင်လုံခြုံရေး၊ ထောင်ကိုဝင်လာတဲ့ ပါဆယ်တွေကို စစ်ဆေးတာ/ ပို့တာ၊ ပါဆယ်နဲ့အတူ ဝင်လာတဲ့ ဆေးကို ဆေးရုံဆောင်ပို့ပြီး စစ်ဆေးတာ၊ ထောင်ကို ရောက်လာတဲ့အချုပ်/ အကျ စိစစ်စစ်ဆေးတာ၊ အဲဒီစာရင်းတွေ အတည်ပြုတာ၊ အလုပ်ဘုတ် တာဝန်ချထားတာ၊ ထောင်တွင်း ရာဇဝတ်မှု မဟုတ်တဲ့ အမှုတွေကို အပြစ်ပေးတာ၊ လွတ်မြောက် အကျဉ်းသားကို အတည်ပြုတာ၊ ထောင်တွင်းပုန်ကန်မှုကို ဖြိုခွဲဖို့ အင်အားစုတာ၊ ဖိုကြီးကို စီမံခန့်ခွဲတာ၊ အကျရုံးကို စီမံခန့်ခွဲတာ၊ သတင်းစာကို အဆောင်တွေကို ပို့ဖို့ စီမံခန့်ခွဲတာ၊ ထောင်ပိုင်ကြီးကို အကျဉ်းသားတွေရဲ့ တင်ပြချက်စသဖြင့် မိန်းဂျေးက လုပ်ဆောင်ရတာပါ။
ကျွန်တော်တို့ကို ထိန်းသိမ်းထားတဲ့ ထောင်က (က) အဆင့်ထောင်။ သေဒဏ်ချမှတ်ထားတဲ့သူတွေအထိ ထားလို့ရတယ်။ သေဒဏ်ပေးလို့တော့ မရပါဘူး။ ကြိုးစင်ကလည်း ဖြုတ်သိမ်းထားပါတယ်။ ထောင်ရဲ့ အမြင့်ဆုံးအာဏာပိုင်က ထောင်ပိုင်ကြီးလို့ ခေါ်တဲ့ လက်ထောက်ညွှန်ကြားရေးမှူး။ လက်ထောက် ညွှန်ကြားရေးမှူးအောက်မှာ ထောင်ပိုင်လေးလို့ ခေါ်တဲ့ ဦးစီးအရာရှိ တစ်ဦး ထားတယ်။
ဦးစီးအရာရှိအောက်မှာ ထောင်မှူးကြီးလို့ခေါ်တဲ့ အပွင့်နှစ်ပွင့်နဲ့ ကြီးကြပ်ရေးမှူး တစ်ဦး ရှိတယ်။ မိန်းဂျေးကို သူက ကိုင်တယ်။ သူက အဆောင်မှူးချုပ်လို့လည်း ပြောလို့ ရတယ်။ သူ့အောက်မှာ ထောင်မှူးလေးလို့ခေါ်တဲ့ တစ်ပွင့်နဲ့ အဆောင်မှူးလို့ခေါ်တဲ့ လက်ထောက်ကြီးကြပ်ရေးမှုး ၈ ဦး ရှိတယ်။
၁ ဆောင်ကို တာဝန်ခံရတာက ၁ ဦး၊ ၂ ဆောင်ကို တာဝန်ခံရတာက ၁ ဦး၊ ၃ ဆောင်ကို တာဝန်ခံရတာက ၁ ဦး။ ဆေးရုံဆောင်ကို တာဝန်ခံရတာက ၁ ဦး၊ ထောင်ရုံးက စာရင်အင်းပိုင်းမှာ ၁ ဦး။ ထောက်ပံ့ရေးဂိုဒေါင်ကို တာဝန်ခံရတာက ၁ ဦး။ အကျရုံးကို တာဝန်ခံရတာ ၁ ဦး။ တိုက်ကို တာဝန်ခံရတာ တဦး။ ထောင်အပြင်က ဝန်ထမ်းသက်သာ၊ ပါဆယ်ဌာနနဲ့ ထောင်အပြင်လုံခြုံရေးကွပ်ပဲဖို့က ၁ ဦး။ အဆောင်မှူးနဲ့ လက်ထောက် အဆောင်မှူးတွေက မနက် ၆ နာရီဆို ထောင်ဘူးမှာ တန်းစီရတယ်။
ပြီးရင် အဆောင်ကို လာပြီး တန်းဖွင့်ရတယ်။ နောက် အဆောင်ထိပ်မှာရှိတဲ့ အဆောင်မှူး ရုံးခန်းမှာ ထိုင်တယ်။ မနက်တန်းပိတ်ရင် လူစစ်ပြီး မီန်းဂျေးကို သတင်းပို့ကာ ပြန်သွားတယ်။ အဲဒီအချိန်မှာ အကြပ်တစ်ဦး၊ ဒါမှမဟုတ် တပ်သားနှစ်ဦးက အဆောင်ကို တာဝန်ယူပါတယ်။ နေ့လယ် တန်းဖွင့်ရင် ပြန်လာတယ်။ ညနေ တန်းပိတ်ရင် လူစစ်ပြီး ပြန်သွားတယ်။ ညကို ၆ နာရီ နှစ်ဆိုင်းနဲ့ တပ်ကြပ်နဲ့ တပ်သားနှစ်ဦးတို့က အလှည့်ကျတာဝန်ယူတယ်။
အဆောင်မှူးတွေအပါအဝင် တစ်ပွင့်တွေအားလုံး က ၃ ရက်တစ်ကြိမ် ညကင်းမှူး တာဝန်ယူရတယ်။ ညကင်းမှူး တာဝန်ယူရတဲ့နေ့ဆို အဆောင်ကို မနက် ၉ နာရီမှ ဝင်ရတယ်။ ထောင်အုတ်ရိုးထိပ်တွေမှာ မျှော်စင်ကင်း အမျိုးသား အဆောင်ဘက်မှာ ၄ ခု ၊အမျိုးသမီး အဆောင်ဘက်မှာ ၁ ခု ရှိပါတယ်။ စကားပြောစက် အသုံးအနှုန်းအရ မြို့နာမည်တွေ ပေးထားတယ်။ ဒါပေမဲ့ မျှော်စင်တိုင်းမှာ အစောင့် မထားပါဘူး။ ၃ ဆောင်ထိပ်က မျှော်စင်၊ ဆေးရုံဆောင်ထိပ်က မျှော်စင်နဲ့ အမျိုးသမီးဆောင်ထိပ်က မျှော်စင်တွေမှာပဲ အစောင့်ထားပါတယ်။
အဲဒီမျှော်စင်တွေမှာ တာဝန်ကျသူတွေကို ၈ နာရီ တဆိုင်းနဲ့ ၃ ဆိုင်း ထားတယ်။ အမျိုးသမီးဆောင်က မျှော်စင်ကို အမျိုးသမီးကပဲ တာဝန်ယူရတယ်။ မျှော်စင်တာဝန်ကျတွေဟာ လက်နက်ကိုင်ဆောင်ခွင့်ရပါတယ်။ အုတ်ရိုးနားချဉ်းကပ်လာတဲ့ အကျဉ်းသားကို အထက်အမိန့်မတောင်းဘဲ ပစ်ခတ်ခွင့်ရှိပါတယ်။
အဲဒီမှာ တစ်ခုထူးခြားတာက အစောင့်မထားတဲ့ မျှော်စင်ပါ။ အဲဒီမျှော်စင်က “ထောက်” ရုံးနောက်မှာ ရှိတာပါ။ အဲဒီမျှော်စင်မှာ အစောင့်ချထားသူတစ်ဦး ကိုယ့်ကိုယ်ကို သတ်သေသွားတယ်လို့ ဆိုပါတယ်။ နောက်တစ်ဦး ကလည်း မျှော်စင်ပေါ်က ခုန်ချသွားတယ်လို့ သိရပါတယ်။
အဲဒီနောက်ပိုင်း မျှော်စင်ကို အစောင့်မထားတော့တာပါ။ မျှော်စင်တာဝန်ကျသူကို သော့ခတ်ထားပါတယ်။ တာဝန်လဲချိန်ရောက်ရင် တာဝန်လဲသူက သော့ယူသွားပြီး ပထမတာဝန်ကျနဲ့ လဲပါတယ်။ ပထမတာဝန်ကျက နောက်တာဝန်ကျသူကို သော့ခတ်ထားခဲ့ပြီး သော့ကို သူက ပြန်ယူသွားပါတယ်။ တာဝန်ကျအားလုံးကို တာဝန်မှူးက စကားပြောစက်နဲ့ ၁၅ မိနစ်တစ်ကြိမ် ထူးခြားမှု ရှိ မရှိ မေးပါတယ်။
ဒါ့ကြောင့် ညတာဝန်ကျသူတွေဟာ မအိပ်ရပါဘူး။ သီးခြားအနေနဲ့ ဆေးဗိုလ်ကြီးလို့ခေါ်တဲ့ ထောင်ဆရာဝန်ကြီး ရှိတယ်။ သူလည်း ၃ ပွင့်ပဲ။ ဆေးနဲ့ပတ်သက်ရင် တော့ ထောင်မှာ သူတစ်ဦးတည်း ရှိတယ်။ အဆောင်မှူး ၁ ဦးစီရဲ့အောက်မှာ ဒု-လက်ထောက်ကြီးကြပ်ရေးမှူးဆိုပြီး တွဲထားတဲ့ဝန်ထမ်းတွေရှိတယ်။
သူတို့ကတော့ရာထူးအမျိုးမျိုးပါ၊ နှစ်ရစ်နဲ့ ဝန်ထမ်းတွေရှိတယ်။ တရစ်နဲ့ ဝန်ထမ်းတွေ ရှိတယ်။ ၃ ရစ်နဲ့ ဝန်ထမ်းတွေရှိတယ်။ ထောင်တစ်ခုလုံးစာ ချက်ပြုတ်ကျွေးမွေးတဲ့ စားဖိုဆောင်(ခေါ်)ဖိုကြီးကို နှစ်ရစ် တစ်ယောက်က တာဝန်ခံတယ်။ သူကို့ ဖိုကြီးတာဝန်ခံလို့ ဆိုရမယ်။ ဝန်ထမ်းဆိုလို့ သူတစ်ယောက်ပဲ ရှိပါတယ်။ ကျန်တာ အကျဉ်းသားတွေပါ။ အကျဉ်းသားထဲမှာ ဖိုခေါင်းနဲ့ လက်ထောက်ဖိုခေါင်းဆိုပြီး နှစ်ဦးရှိပါတယ်။ နေ့ည နှစ်ဆိုင်းထားပြီး ချက်တယ်။ ဖိုကြီးမှာ များသောအားဖြင့်ထားတဲ့ အကျဉ်းသားတွေက စစ်စည်းနဲ့ အရေးယူခံထားရတဲ့ စစ်သားတွေပါ။
Quarantine ဆောင်ကိုတော့ တပ်ကြပ်ကြီးတစ်ဦးက တာဝန်ခံတယ်။ ဒါက အမျိုးသားဆောင်ဘက်မှာ ပြောတာ။ အမျိုးသမီးဆောင်မှာက အကြီးဆုံးက ၂ ပွင့်နဲ့ထောင်မှူးကြီး။ သူ့အောက်မှာ သိသလောက် တစ်ပွင့်နဲ့ ထောင်ရုံး ဝန်ထမ်း တစ်ဦး၊ ပါဆယ်လက်ခံတဲ့ဌာနမှာ တပွင့်နဲ့ တစ်ဦး၊ အဆောင်မှာ တစ်ဦး။ ထောင်ဝန်ထမ်းတွေထဲမှာ စစ်တပ်က ပြောင်းလာတာက ထောင်ပိုင်လေးနဲ့ ဆေးဗိုလ်ကြီးပဲရှိတယ်။ ကျန်တာက ထောင်ပိုင်ကြီးကအစ သန္ဓေဝန်ထမ်းတွေ။ ထောင်ပိုင်လေး(ဦးစီး)က ချင်းလူမျိုး၊ ခြေထောက်တစ်ဖက် ကျည်ဆံမှန်ထားတယ်။ လမ်းလျှောက်ရင် ခြေတစ်ဖက်နိမ့်နေတယ်။
– ဆက်လက်ဖော်ပြသွားပါမည်။
(စစ်အာဏာသိမ်းပြီး ၂၀၂၁ မှာ ပုဒ်မ ၅၀၅-က နဲ့ ထောင် ၂ နှစ်ချမှတ်ခံခဲ့ရတဲ့ စာရေးသူ ဒေါင်းမြီးရဲ့ ထောင်တွင်း အတွေ့အကြုံတွေကို မဏ္ဍိုင်မှာ အခန်းဆက်ဖော်ပြပေးသွားမှာဖြစ်ပါတယ်။
စာရေးသူ ဒေါင်းမြီးဟာ ထောင်ထဲမှာ ၁၅ လ ကျော် နေထိုင်ခဲ့ရပြီး ထောင်က လွတ်ဖို့ ၆ လ ကျော်လောက် အလိုမှာ ထောင်ဥပဒေကျင့်ထုံး(ကျင့်)-၄၀၁နဲ့ လွတ်မြောက်ခဲ့ပါတယ်။ လက်ရှိစာရေးသားချိန်မှာ အကျဉ်း သားတွေရဲ့ လုံခြုံရေး၊ ထောင်ဝန်ထမ်းတချို့ရဲ့ လုံခြုံရေးတွေကို ငဲ့ကွက်ပြီး ထောင်အမည်ကို ချပ်လှန်ထားသလို နာမည်တချို့ကိုလည်း လွှဲပြောင်းရေးသားထားပါတယ်။
ဆိုးရွားလှတဲ့ ထောင်ယန္တရားကို ညီညွတ်မှုနဲ့ ဖြတ်ကျော်ခဲ့ကြတာ၊ ထောင်ရဲ့သဘော၊ သဘာဝ၊ ညံ့ဖျင်းလွန်းတဲ့ အစားအစာနဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ်၊ ခက်ခဲလှတဲ့ အခြေအနေမှာ ရုန်းကန် နေထိုင်ရမှုတွေ၊ အကျဉ်း ကျခံနေရပေမယ့် လုပ်ဆောင်နိုင်တဲ့အရာကို နိုင်ငံရေးအကျဉ်းသားတွေ လုပ်ဆောင်နေတယ်ဆိုတာ သိမြင်စေဖို့၊ နိုင်ငံရေးအကျဉ်းသားတွေကို ပစ်ပယ်မထားဖို့ စတဲ့ ရည်ရွယ်ချက်နဲ့ ရေးသားထားတဲ့ ဆောင်းပါးဖြစ်ပါတယ်။)
6 comments
Bingo Patti, you say? Signed up through bingopattilogin and the experience was smooth. Definitely a good option for online bingo. Check it out at: bingopattilogin
ph789 login https://www.ph789-login.com
Need a quick log-in and some betting action? cw777login’s the place. No fuss, just straight to business. That’s what I’m talking about! cw777login
SV88us… not gonna lie, it’s got some decent betting options. Worth a peek if you’re shopping around for something new. Just sayin’. sv88us
vb777gameclub is a vibe, man. Good selection of games and the community seems pretty solid. Check it out for some chill times. vb777gameclub
phbuwenas https://www.laphbuwenas.org