အိမ်ရဲ့ အဝေးမှာ (ဆောင်းပါး)

မဏ္ဍိုင်၊ အောက်တိုဘာ ၉၊ ၂၀၂၅။

မဲဆောက်မြို့ရဲ့ သီတင်းကျွတ်လပြည့်ည မီးရှူးမီးပန်းပေါက်သံ ဖောင်းဖောင်းဒိုင်းဒိုင်း အသံတွေဟာ ဟိုနေရာ၊ ဒီနေရာက တစ်ချက်၊ တစ်ချက် ကြားနေရတယ်။

ပျော်ရွှင်စရာ မီးရှူးမီးပန်းပေါက်သံတွေနဲ့အတူ ခြောက်ခြားစရာ လက်နက်ကြီးပစ်သံ ဒုန်း၊ ဒိုင်းတွေလည်း ကြားနေရတော့ အသံတွေက ရောထွေးလို့နေတယ်။ သီတင်းကျွတ်လပြည့်ညဟာ ပျော်ရမလား၊ မပျော်ရဘူးလား၊ ပျော်ရွှင်မှုတွေက စစ်မှန်မနေဘူးဆိုတဲ့ ခံစားချက်တွေကို ထင်ဟပ်စေတဲ့ အခိုက်အတန့်ပါ။

အောက်တိုဘာ ၆ ရက် သီတင်းကျွတ်လပြည့်ညရဲ့ မီးရှူးမီးပန်းဖောက်သံတွေက ထိုင်းနိုင်ငံ၊ မဲဆောက်မြို့နယ်အတွင်းကဖြစ်ပြီး လက်နက်ကြီးပစ်သံတွေကတော့ မြန်မာနိုင်ငံ၊ မြဝတီမြို့နယ်အတွင်းက ဖြစ်ပါတယ်။

ထိုင်း-မြန်မာနယ်စပ် စစ်ရှောင်စခန်းက ကလေးတွေဟာ ထိုင်းဘက်က မီးရှူးမီးပန်းဖောက်သံတွေကိုကြားပြီး ကြောက်လန့်နေကြမလား၊ လက်နက်ကြီးပစ်ခတ်သံ၊ သေနတ်ပစ်ခတ်သံတွေကို နေ့စဉ်ဆက်တိုက်ကြားနေရတဲ့ ကလေးတွေဟာ စိတ်ဒဏ်ရာတွေရနေမလားဆိုတဲ့အတွေးနဲ့ နောက်နေ့မနက်မှာ ကျွန်တော် ထိုင်း-မြန်မာ နယ်စပ်က စစ်ရှောင်စခန်းတခုကို သွားရောက်ခဲ့တယ်။

ကျွန်တော်ရောက်သွားတဲ့ စစ်ရှောင်စခန်းဟာ သောင်ရင်းမြစ်ကမ်းကမ်းဘေးမှာ ရှိနေတာပါ။ မြဝတီမြို့နယ်အတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ စစ်ကောင်စီကြား အခုနှစ် ပြီးခဲ့တဲ့လ စက်တင်ဘာအတွင်းမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး လေးကေ့ကော်မြို့အနီးကို တိုက်ပွဲတွေချဉ်းကပ်လာတဲ့အခါ ဒေသခံပြည်သူတွေဟာ အခုနေရာကို ပြောင်းရွေ့ခဲ့ကြပါတယ်။

၂၀၂၁ ဒီဇင်ဘာလတုန်းကလည်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ စစ်ကောင်စီကြား တိုက်ပွဲတွေဖြစ်ပွားခဲ့တုန်းကလည်း ဒီနေရာကို ဒေသခံတွေ လာရောက်စစ်ရှောင်ခဲ့ကြပါသေးတယ်။ အဲဒီနေရာမှာ ၃ နှစ်ကျော်ကြာ စစ်ရှောင်ပြီးနောက် စစ်ပွဲတွေငြိမ်သက်သွားတဲ့အချိန် ၂၀၂၅ နှစ်ဆန်းပိုင်းမှာ စစ်ရှောင်တွေဟာ လေးကေ့ကော်မြို့ကို ပြန်ဝင်ခဲ့ကြတာပါ။ လေးကေ့ကော်မြို့က မိမိတို့နေအိမ်တွေမှာ ၆ လခန့်နေပြီးတဲ့ နောက်မှာ တော့ အခုလို တိုက်ပွဲတွေ ပြန်ဖြစ်လာတဲ့အတွက် အရင်စစ်ရှောင်နေရာဟောင်းကို ပြန်လာခဲ့ရတာဖြစ်ပါတယ်။

သူတို့ပြန်ရောက်လာတော့ စစ်ရှောင်စခန်းအဟောင်းမှာ ချုံနွယ်တွေက တောထလို့တောင်နေတယ်။ ဒါကြောင့် လူတွေနေထိုင်နိုင်ဖို့ ချုံနွယ်တွေကို ရှင်းလင်းရသေးတယ်။ ဒါ့အပြင် မိုးကမပြတ်သေးတဲ့အချိန်မို့ တဲတွေကလည်း ဆောက်လို့မပြီးတော့ မြေကြီးတွေပေါ်မှာတောင် အိပ်ခဲ့ရသေးတယ်။ ပြောရရင် မိမိတို့နေအိမ်တွေမှာ ဖင်ပူအောင်တောင် မနေရသေးခင် စစ်ရှောင်စခန်းကို ပြန်ရောက်လာရတာပါ။

အခုမှာတော့ အမဲရောင် တာပေါ်လင်စတွေ မိုးကာထားတဲ့ အသစ်စက်စက် စစ်ရှောင်ယာယီတဲတွေဟာ တန်းစီလို့ နေပါတယ်။ တချို့တဲတွေက ဆောက်လက်စ။ မနက် ၁၁ နာရီအချိန်မို့ စစ်ရှောင်စခန်းအတွင်းမှာ ထမင်းဟင်း ချက်ပြုတ်နေသူ တွေ၊ တဲဆောက်ဖို့ပြင်ဆင်နေသူတွေ၊ တဲဆောက်နေသူတွေနဲ့ အလုပ်တွေ ရှုပ်နေကြပါတယ်။

လေးကေ့ကော်မြို့မှ ထွက်ပြေးလာသူတွေရဲ့ စစ်ရှောင်စခန်း။

ကလေးတွေကလည်း ဟိုတစ်စု၊ ဒီတစ်စုပါ။ တချို့က ဝိုင်းဖွဲ့စကားပြောနေကြသလို တချို့ကလည်း သရေကွင်း ပစ်တမ်းဆော့ကစားနေကြပါတယ်။ တချို့ကလည်း တာပေါ်လင်တဲထဲမှာ ငြိမ်လို့ ဂိမ်းဆော့နေကြတယ်။

စခန်းတာဝန်ခံနဲ့တွေ့တဲ့အခါ သူက စခန်းနာမည်နဲ့ နေရာကို ထည့်မရေးစေချင်ဘူး။ ဒါပေမဲ့ အားလုံးလည်း သိနေပြီးသား၊ အွန်လိုင်းမှာလည်း ပျံ့နေပြီးသားဆိုတော့ ကိစ္စမရှိတော့ပါဘူးလို့ဆိုရှာတယ်။ သူတို့အားလုံး ပူပန်နေတဲ့အရာက ဒရုန်းပါ။ မြွေပူရာ ကင်းမှောက်မယ့်အဖြစ်မျိုး မကြုံစေချင်တာက သူတို့အားလုံးရဲ့ ထပ်တူကျနေတဲ့ ပူပန်မှုပါ။

စစ်ရှောင်စခန်းနေရာကို ဘယ်လိုပင် အများသိနေပါစေ၊ သူတို့ရဲ့ စိုးရိမ်ပူပန်မှုကို ကိုယ်ချင်းစာမိတဲ့အတွက် စာရေးဖြစ်တဲ့အခါ နေရာနဲ့ နာမည်တွေ ထည့်မရေးဖို့ဆုံးဖြတ်မိတယ်။

စစ်ရှောင်စခန်းထဲကို လှည့်ပတ်ကြည့်တော့ တဲတွေရဲ့အရှေ့မှာ ညတုန်းက မီးထွန်းထားလို့ အရည်ပျော်ကျနေတဲ့ အဝါရောင် ဖယောင်းလေးတွေ တွေ့ရတယ်။ သီတင်းကျွတ်လပြည့်ညမှာ ကလေးတွေ ဖယောင်းတိုင်နဲ့ ဆီမီးပူဇော်ကြကြောင်းနဲ့ သေနတ်ပစ်ခတ်သံတွေ ကြားတဲ့အခါ အားလုံးမီးသတ်လိုက်ကြတယ်လို့ အဲဒီစခန်းက စစ်ရှောင်အမျိုးသားတစ်ဦးက ဆိုတယ်။

သူဟာ လေးကေ့ကော်မြို့ကပါ။ ၂၀၁၅ ရွေးကောက်ပွဲမှာ လေးကေ့ကော်မှာပဲ သူ မဲပေးခဲ့ရသေးတယ်။ စစ်တပ် အာဏာသိမ်းပြီးတဲ့နောက် ၂၀၂၁ ဒီဇင်ဘာ လေးကေ့ကော်မှာ တိုက်ပွဲဖြစ်ကြတဲ့အခါ အခုစစ်ရှောင်နေတဲ့နေရာကို ထွက်ပြေးခဲ့ရတယ်။ အခုအကြိမ်ဟာ ဒုတိယစစ်ရှောင်ရတာလို့ သူက ဆိုတယ်။

သူ့မှာ အသက် ၁၄ နှစ်အရွယ် သားတစ်ယောက်၊ အသက် ၉ နှစ်နဲ့ ၅ နှစ်အရွယ် သမီးနှစ်ယောက်ရှိတယ်။ သူ့ကလေး တွေဟာ သေနတ်သံ၊ ဗုံသံတွေကြားမှာ ကြီးပြင်းခဲ့ကြတာလို့ ဆိုရမှာပါ။

စစ်ရှောင်စခန်းမှာ ဆော့ကစားနေကြတဲ့ ကလေးငယ်တွေ။

၂၀၂၁ ဒီဇင်ဘာ လေးကေ့ကော်မြို့မှာ တိုက်ပွဲတွေဖြစ်ပြီး ထွက်ပြေးခဲ့ရတော့ အငယ်ဆုံးသမီးလေး တစ်နှစ်ကျော် ပဲရှိပါသေးတယ်။ အဲဒီအချိန်တုန်းက အငယ်ဆုံးသမီးလေးဟာ နေမကောင်းတဲ့အတွက် လက်မှာဆေးသွင်းထား ရတဲ့အချိန်ပါ။ တိုက်ပွဲဖြစ်တဲ့အခါ ညဘက်ကြီးထွက်ပြေးရတော့ သမီးလေးလက်က ဆေးထိုးအပ်ကို ဒီအတိုင်းပဲ ဆွဲဖြုတ်ပြီးထွက်ပြေးခဲ့ရတာလို့ သူက ဆိုပါတယ်။

“သွေးတွေထွက်တော့ ပလက်စတာနဲ့ကပ်တယ်၊ ရင်ဘက်မှာ သွေးတွေကို ရွှဲနေတာ။” လို့ တိုက်ပွဲတွေကြားမှာ နေမကောင်းဖြစ်နေတဲ့သမီးအငယ်ဆုံးလေးကို ချီပြီးထွက်ပြေးခဲ့ရတဲ့အဖြစ်ကို သူက ထပ်ပြောပြတယ်။

အဲဒီတုန်းက သူတို့မိသားစုအပါအဝင် လေးကေ့ကော်မြို့ခံတချို့ စာသင်ကျောင်းထဲမှာ ပုန်းခိုနေချိန် ညနေပိုင်း ပစ်ခတ်သံတွေကြားလို့ စာသင်ကျောင်း ခြံစည်းရိုးအုတ်တံတိုင်းကို ကျော်တက်ပြီးပြေးခဲ့ရတာပါ။ တချို့စစ်ရှောင်တွေက ကျောင်းရှေ့လမ်းမအတိုင်းထွက်ပြေးကြသလို သူတို့ကတော့ ကျောင်းအနောက်ဘက် ခြံစည်းရိုးအုတ် တံတိုင်းကိုကျော်ချပြီး ပြေးခဲ့ကြတယ်။

အုတ်တံတိုင်းပေါ်မှာ စိုက်ထားတဲ့ ပုလင်းကွဲအစတွေကို အဝတ်တွေ၊ စောင်တွေနဲ့အုပ်ပြီး အဲဒီပေါ်က ကျော်ပြေးခဲ့ရတာပါ။ ငယ်ရွယ်တဲ့ကလေးတွေဆိုရင် အုတ်တံတိုင်းကို ကျော်ပစ်ပြီး တစ်ဖက်လူက ဖမ်းယူပေးရတာလို့ သူက ဆိုပါတယ်။

“စာသင်ကျောင်းအုတ်တံတိုင်းတွေကို လာမှန်တယ်၊ ဖွာကနဲ ဖွာကနဲပဲ။ သေနတ်သံတွေဆိုရင် ရွီး .. ရွီးကနဲ။ နီးနီး ကပ်ကပ်သွားတဲ့အသံ၊ ကိုယ့်ခေါင်းတွေပေါ်၊ ဘေးတွေကနေသွားတဲ့အသံ၊ တချို့ဆိုရင် နည်းနည်းပါးပါးထိတာရှိတယ်၊ အဲတုန်းကတော့ တော်တော်ကြောက်ဖို့ကောင်းတယ်။” လို့ ပထမအကြိမ်ထွက်ပြေးခဲ့ရ တဲ့အဖြစ်ကို ကလေးသုံးယောက်ဖခင် စစ်ရှောင်အမျိုးသားတစ်ဦးက ဆိုပါတယ်။

အဲဒီလို ပြေးရတဲ့အချိန်က ကလေးတွေ မဆိုထားနဲ့ လူကြီးတွေလည်း ကြောက်လန့်ငိုယိုကြတဲ့သူတွေရှိတယ်လို့ သူက ဆိုပါတယ်။

သေနတ်ပစ်သံတွေကို အရင်ကကြားဖူးခဲ့ပေမယ့် အဲဒီအကြိမ်မှာ လက်နက်ကြီးပစ်သံ၊ လေယာဉ်ဗုံးကြဲသံတွေကို ပထမဆုံးကြားဖူးတာလို့ ဆိုပါတယ်။

“စဖြစ်ခါစတော့ ကလေးတွေပဲမဟုတ် လူကြီးတွေလည်း ကြောက်တယ်၊ အသံက တအားကျယ်တယ်လေ၊ လက်နက်ကြီးတလုံးကျရင် ရင်ဘက်ထဲမှာ ဒိန်းဒိန်းနဲ့တုန်တယ်၊ အခုနောက်ပိုင်းတော့ နားယဉ်သလိုဖြစ်သွားတယ်။ ကလေးရော၊ လူကြီးရော အဲဒီလိုဖြစ်လာတယ်။”

ဒါ့ကြောင့်လည်း သူ့သားသမီးတွေအပါအဝင် ကလေးတွေဟာ သေနတ်သံတွေကို အရမ်းကြီး ကြောက်လန့် နေတာမျိုး မဖြစ်တော့ပါဘူး။ သေနတ်ဟာ လူကိုသေစေနိုင်ကြောင်း၊ ကြောက်စရာကောင်းကြောင်း ကလေးတွေ ကို လူကြီးတွေက သေချာမှာကြားထားရတယ်လို့ ဆိုတယ်။

စစ်ရှောင်စခန်းမှာ အသက် ၁၈ နှစ်အောက်ကလေးဦးရေ ၅၀၀ ကျော်ရှိ။

“ကလေးတွေက လူအုပ်ကြီးနဲ့သွားတဲ့အခါကျတော့ ပျော်သလိုလိုပေါ့။ မိဘတွေကတော့ အတင်းဆွဲဝပ်၊ အတင်းဆွဲချပေါ့။” လို့ ကလေးတွေသေနတ်ပစ်သံအပေါ် တုန့်ပြန်လာတဲ့သဘောထားကို စစ်ရှောင်အမျိုးသားက ရှင်းပြပါတယ်။

အခုဆိုရင် သူ့အသားအကြီးဟာ ပစ်ခတ်သံတွေကြားရင် ဘယ်နေရာမှာ ပစ်နေပြီ၊ ဒါက သေနတ်သံ၊ ဒါက လက်နက်ကြီးသံ၊ လေယာဉ်ဗုံးကြဲသံဆိုတာကို ခွဲခြားသိနေပါပြီ။

ကျွန်တော် အင်တာဗျူးနေတဲ့အချိန် သူ့သားအကြီးဟာ မျက်နှာချင်းဆိုင် တဲထဲမှာ ဖုန်းတစ်လုံးနဲ့ ဂိမ်းဆော့နေပါတယ်။ အသက် ၉ နှစ်အရွယ်သမီးဖြစ်သူကတော့ ကျွန်တော်တို့နဲ့ မလှမ်းမကမ်းလေးမှာ ထိုင်နေပါတယ်။ လိပ်ခေါက်ထားတဲ့ ပိုက်ဖျာတစ်ချပ်ကို သူ့ပေါင်ပေါ်တင်ပြီး လက်နှစ်ဖက်နဲ့ ပီယာနိုတီးသလို လုပ်နေတယ်။ သူ့ခန္ဓာကိုယ်လေးကိုလည်း အလိုက်သင့်ယိမ်းနွဲ့လို့နေတယ်။

ကျွန်တော်က “သမီးက ပီယာနိုတီးတတ်သလား။”လို့ မေးလိုက်တဲ့အခါ ဘာမှပြန်မဖြေဘဲ ပြုံးလို့နေတယ်။

“သမီး သေနတ်အသံတွေကို မကြောက်ဘူး။” လားလို့ ထပ်မေးကြည့်တယ်။ ဘာမှ ပြန်မဖြေဘဲ ဆက်ပြီးပြုံးနေတယ်။

အဖေဖြစ်သူက “မေးရင် ဖြေလိုက်လေ သမီး” လို့ ဆိုတဲ့အခါ “ကြောက်တယ်” လို့ ပြန်ဖြေတယ်။ “ဗျောက်အိုးဖောက်သံရော မကြောက်လား။” လို့ ထပ်မေးကြည့်တယ်။ “ကြောက်တယ်” လို့ ရှက်ပြုံးပြုံးပြီး ဆိုရှာတယ်။

ကလေးတွေရဲ့ မျက်နှာပေါ်မှာ ကြောက်လန့်နေတာမျိုး၊ စိုးရိမ်နေတာမျိုး မတွေ့မိဘူး။ ဒါကြောင့် ဆေးခန်းက ဆရာဝန်ကို မေးကြည့်ဖို့ ကျွန်တော် ဆေးခန်းဘက်ကို ထွက်ခဲ့တယ်။

သူတို့အသက် တစ်ဝက်ဟာ စစ်ပွဲတွေကြား ပြေးလွှားရင်း ကြီးလာကြတာဖြစ်ပါတယ်။

ဒီစစ်ရှောင်စခန်းမှာ အိမ်ခြေ ၄၀၀ ကျော်ရှိတယ်။ လူဦးရေ ၁,၃၀၀ ကျော်တယ်။ အဲဒီအထဲမှာမှ အသက် ၁၈ နှစ်အောက် ကလေးဦးရေဟာ ၅၀၀ ကျော်ရှိတယ်လို့ သိရတယ်။

ဆေးခန်းသွားတဲ့လမ်းမှာ ကျွန်တော် ကလေးတွေကို အကဲခတ်ကြည့်တယ်။ တိုက်ကြက်တစ်ကောင်ကို ကြိုးချည် ပြီး ရေတိုက်နေတဲ့ကလေးကိုလည်း တွေ့တယ်။ သူဟာ ကြက်ကို ရေတိုက်နေသလို သူ့ပါးစပ်ထဲ ရေငုံပြီး ကြက်ရဲ့မျက်နှာကို ငုံထားတဲ့ရေနဲ့ “ဖူး” ကနဲ မှုတ်ထုတ်နေတယ်။

သရေကွင်းတွေကို ကိုယ်စီလက်ထဲထည့်ပြီး စည်းတားထားတဲ့နေရာဆီ လှမ်းပစ်ဆော့ကစားနေတဲ့ ကလေး တစ်အုပ်ကိုလည်း တွေ့တယ်။

လမ်းလယ်ကောင်မှာ မတ်တပ်ရပ်နေတဲ့ ကလေးသုံးယောက်ကို တွေ့တော့ သီတင်းကျွတ်မှာ ဘာတွေလုပ် ကြတုန်း မေးကြည့်တဲ့အခါ ဖယောင်းတိုင်နဲ့ ဆီမီးထွန်းကြကြောင်းနဲ့ ငရဲမီးလုပ်ကြကြောင်း ပြောပြတယ်။

ပြီးတော့ သူတို့တွေဟာ သီတင်းကျွတ်မှာ ဗျောက်အိုး ဖောက်ချင်ကြတယ်လို့ ဆိုကြတယ်။

စစ်ရှောင်စခန်းရဲ့ ဆေးခန်းဟာလည်း တာပေါ်လင်နဲ့ ဆောက်ထားတဲ့ ယာယီတဲတစ်လုံးပါ။ ဆေးရုံ၊ ဆေးခန်း အသုံးအဆောင်တွေ တွေ့ရတယ်။ နေရာ မချရသေးတဲ့ ပစ္စည်းတချို့ တဲ အနီးမှာ ပုံထားတာတွေ့ရတယ်။ ရှိသမျှ ပစ္စည်းအကုန်သယ်ပြီး ပြောင်းရွှေ့လာကြတာလို့ သိရတယ်။

ဆေးခန်းက ကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့ အမျိုးသားတစ်ဦးနဲ့တွေ့တယ်။ ကလေးတွေရဲ့ ကြောက်စိတ်နဲ့ ပတ်သက်လို့ အရင်ဆုံးမေးမိတယ်။

ကြောက်လန့်လို့ ဆေးခန်းလာပြတာမျိုး၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားနေရလို့ ဆေးခန်းပြနေရတဲ့ ကလေးမျိုးတော့ မရှိဘူးလို့ သူကဆိုတယ်။

သရေကွင်းပစ်တမ်းဆော့ကစားနေကြတဲ့ ကလေးတွေ။

လက်ရှိမှာ ရာသီတုတ်ကွေးဖျားတာ၊ နှာစေချောင်းဆိုးနဲ့ အသက်ရှုလမ်းကြောင်း ပိုးဝင်တာစတဲ့ဖြစ်စဉ်မျိုးနဲ့ လာပြတဲ့ ကလေးတွေသာရှိတယ်လို့ ဆိုတယ်။

စစ်ရှောင်စခန်းထဲမှာ ကလေးတွေဟာ ပုံမှန်အတိုင်းဆော့ကစားနေကြတယ်၊ သူတို့မျက်နှာပေါ်မှာ စိတ်ညစ်နေတာမျိုး မတွေ့ရတဲ့အတွက် သူတို့ရင်ထဲ ဘာမှမခံစားရဘူးလို့ ပြောလို့ မရကြောင်း သူက ဆိုတယ်။

ပြီးတော့ အခုအချိန်မှာ ကလေးတွေ ကြုံတွေ့ခံစားနေရတဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားမှုတွေဟာ ဘယ်အချိန် ပေါ်မယ်ဆိုတာ ခန့်မှန်းလို့ မရဘူးလို့ သူက ဆက်ရှင်းပြတယ်။

“အဲဒီဟာတွေက မရှိဘဲနဲ့တော့ မနေဘူး။ ကြည့်တဲ့အချိန်သာ ဘာမှ မဖြစ်သလိုပုံစံနဲ့ ဖြစ်နေတာ၊ ဒါပေမဲ့ သူတို့ စိတ်ထဲမှာက ဝင်ကို ဝင်နေတယ်။“ သူက ဆိုတယ်။

ကလေးတွေမှာ ပစ်ခတ်သံတွေကို ကြောက်လန့်နေတဲ့စိတ်အပြင် တခြားသော စားသောက်နေထိုင်ရေးနဲ့ ကျောင်းစာမသင်ရခြင်းစတဲ့ ဒဏ်ရာတွေ များစွာရှိနေနိုင်ပြီး ဒီအပေါ်မှာ သုတေသနကောင်းကောင်း လုပ်နိုင်ရင်တော့ အကောင်းဆုံးပဲလို့ ဆိုပါတယ်။

လက်ရှိမှာ စစ်ရှောင်ဆေးခန်းဟာ အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှု၊ ကိုယ်ဝန်ဆောင် စောင့်ရှောက်မှုနဲ့ ကလေးမီးဖွားခြင်းတွေအတွက် ကုသမှုတွေပေးနေပါတယ်။ ကျန်းမာရေးစောင့်ရှောက်မှုတွေဟာ နေ့စဉ်ပေးနေရတဲ့အတွက် ဆေးဝါးလိုအပ်ချက်တွေဟာလည်း အမြဲရှိနေတာလို့ ဆိုပါတယ်။ ဆေးခန်းကို တစ်နေရာမှ တစ်နေရာ အဆင့်ဆင့်ပြောင်းရွေ့ခဲ့ရတာဖြစ်တဲ့အတွက် ဆေးဝါးလိုအပ်ချက်တွေက ပိုမိုလိုအပ်နေတာပါ။

အထူးသဖြင့် အရေးပေါ်ဆေးဝါးတွေအပြင် သွေးတိုး၊ ဆီးချိုသမားတွေလို နာတာရှည်တွေအတွက်လည်း ဆေးဝါး လိုအပ်ချက်တွေ ရှိနေတယ်လို့ ဆိုပါတယ်။

ဆေးခန်းက ပြန်လာတဲ့လမ်းမှာ ကိုယ်ဝန်ဆောင်သည် အိမ်ကိုလည်း ဝင်ခဲ့သေးတယ်။ ကလေးမွေးထားတာ ရက်ပိုင်းသာရှိသေးတဲ့ မိခင်ကိုလည်း တွေ့ခဲ့ပါသေးတယ်။

သူတို့အားလုံးဟာ လွင်တီးခေါင်ပြင်မှာ ဆောက်လုပ်ထားတဲ့ တာပေါ်လင်တဲ အမိုးအောက်မှာ နေနေကြတာပါ။ မိုးရွာရင် အနေသာပေမယ့် နေပူရင်တော့ ပူလောင်အိုက်စပ်မှုဒဏ်ကို အလူးအလဲခံရတာပါ။

ကလေးသုံးယောက်အဖေ စစ်ရှောင်အမျိုးသားကတော့ စစ်ပွဲတွေဖြစ်နေသည့်တိုင် လေးကေ့ကော်က ကိုယ့်အိမ်မှာသာ ပြန်နေချင်တယ်လို့ ငြီးတွားပါတယ်။

ပြီးခဲ့တဲ့နှစ်တွေက ဒီစစ်ရှောင်စခန်းနေရာမှာ သူတို့မိသားစုဟာ သုံးနှစ်ကျော်ကြာ စစ်ရှောင်ခဲ့ရတယ်။ အခု တစ်ခေါက် ဘယ်လောက်ကြာဦးမယ်ဆိုတာ သူတို့မခန့်မှန်းနိုင်သေးပါဘူး။

ကလေးတွေကရော ဒီစစ်ရှောင်စခန်းနေရာမှာ ဘယ်လောက်ကြာကြာနေရဦးမှာလဲ။ ရောက်စမို့ နေရာအသစ်မှာ အသစ်အဆန်းလို ခံစားနေရပေမယ့် အချိန်ကြာလာတဲ့အခါ ကလေးတွေအတွက် ပျင်းရိစရာတွေဖြစ်လာလေမလားဆိုတဲ့အတွေးနဲ့ နောက်တစ်ခေါက် ကျွန်တော်ပြန်လာဖြစ်ရင် သူတို့အတွက် သရေကွင်းထုတ်တွေ၊ ဖန်ဂေါ်လီလုံးတွေ၊ ကစားစရာ ဂျင်တွေ၊ ဆပ်ပြာပူပေါင်းနဲ့ ခြင်းလုံးတွေဝယ်လာဖို့ တွေးမိတယ်။

စစ်ဘေးစစ်ဒဏ်တွေကြားမှာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ကလေးတွေအတွက် တဒင်္ဂစိတ်သက်သာရစေဖို့ ကစားစရာတွေ လာရောက်လှူဒါန်းသူတွေရှိပါစေလို့လည်း ဆုတောင်းမိတယ်။ အထူးသဖြင့် သူတို့တွေအားလုံး ဘေးကင်းကင်းနဲ့ အမြန်ဆုံး အိမ်ပြန်နိုင်ကြပါစေ။

Leave a Comment

8 comments

gratis binance-konto December 1, 2025 - 6:39 am

Your article helped me a lot, is there any more related content? Thanks! https://accounts.binance.com/it/register-person?ref=P9L9FQKY

Reply
ic79bbet December 22, 2025 - 10:32 pm

Just gave ic79bbet a whirl. Pretty solid experience, good selection of games and the site’s easy to navigate. Not too shabby! Check it out here ic79bbet.

Reply
免费Binance账户 December 30, 2025 - 4:06 pm

I don’t think the title of your article matches the content lol. Just kidding, mainly because I had some doubts after reading the article. https://www.binance.com/zh-CN/register?ref=WFZUU6SI

Reply
jilibet004 January 12, 2026 - 2:28 am

https://www.jilibet004.org I am thanksful for this post!

Reply
binance account creation January 13, 2026 - 3:49 am

Your point of view caught my eye and was very interesting. Thanks. I have a question for you. https://www.binance.info/en-NG/register?ref=YY80CKRN

Reply
peryaplus January 14, 2026 - 10:39 pm Reply
phwin25 January 15, 2026 - 12:07 am Reply
ph789 login January 15, 2026 - 1:07 am Reply

Subscribe to Get New Updates

You Can Subscribe To get News Update From Mandaing News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Will be used in accordance with our u00a0Privacy Policy

@2025 – All Right Reserved. Mandaing