သောင်ရင်းမြစ်တစ်ခုသာခြားတဲ့ ဒုက္ခနဲ့ သုခ

မဏ္ဍိုင်၊ အောက်တိုဘာ ၂၊ ၂၀၂၅။

မဲဆောက်မြို့နဲ့ မလှမ်းမကမ်းက နာမည်ကျော် Curve 33 ဆိုတဲ့နေရာကို လာရောက်လည်ပတ်တဲ့ ဧည့်သည်တွေဟာ အလှဆုံးအိုက်တင်တွေပေးပြီး ဓာတ်ပုံရိုက်ခံနေကြတယ်။

33 ကော့မနောင်ဆိုတဲ့ ဆိုင်းဘုတ်နေရာလေးမှာ ဓာတ်ပုံရိုက်လို့အားရတဲ့အခါ ညီညာပြန့်ဖြူးနေတဲ့ ကားလမ်းကွေ့လေးအတိုင်း ပြေးဆင်းသွားတယ်၊ ပြီးတော့ လက်နှစ်ဖက်ကိုဆန့်တန်းပြီး Catwalk ပြန်လျှောက်လာတဲ့ပုံကို ပုံစံအမျိုးမျိုးနဲ့ ဓာတ်ပုံအရိုက်ခံတယ်။ ဒီနေရာလေးမှာ လာရောက်ဓာတ်ပုံအရိုက်ခံကြတာဟာ တစ်ယောက်တည်း မဟုတ်ပါဘူး၊ ဧည့်သည်တွေက တစ်ဖွဲ့ပြီး တစ်ဖွဲ့ပါ။

တောင်ကုန်းနဲ့ ခင်တန်းလေးတွေ သွယ်တန်းနေတဲ့ကြားထဲက မြွေလိမ်မြွေကောက်ဖောက်လုပ်ထားတဲ့ ကတ္တရာကားလမ်းလေးရယ်၊ ကားလမ်းဘေးနှစ်ဖက်က အစိမ်းရောင်၊ အဝါရောင်သမ်းနေတဲ့ ပြောင်းခင်းရယ်ဟာ ဧည့်သည်တွေကို အဓိကလာရောက်စေတဲ့ လှပတဲ့ရှုခင်းတွေပါ။ ရာသီလိုက်စိုက်ပျိုးကြတဲ့ သီးနှံပင်တွေ အပေါ်မူတည်ပြီး ပတ်ဝန်းကျင်ရှုခင်းအရောင်တွေဟာ ပြောင်းလဲသွားတတ်ကြပါတယ်။

ဒီလိုလှပတဲ့ရှုခင်းတွေနဲ့တွဲဖတ်ပြီး ဓာတ်ပုံအရိုက်ခံနေကြသူတွေကို မြင်ရတာဟာ ကြည်နူးစရာ၊ ပျော်ရွှင်စရာပါ။

အဲဒီလို လှပတဲ့ရှုခင်းနဲ့ ကြည်နူးစရာ မြင်ကွင်းရဲ့ မလှမ်းမကမ်း၊ သောင်းရင်းမြစ်တစ်ဖက်ခြမ်းက မြန်မာပြည်ထဲမှာတော့ ပျော်ရွှင်စရာတွေ ဆိတ်သုန်းပြီး ဒုက္ခတွေပင်လယ်ဝေနေကြတဲ့ စစ်ဘေးရှောင်တွေ ရှိနေကြပါတယ်။

သူတို့ဟာ နေအိမ်စွန့်ခွာထွက်ပြေးလာခဲ့ပြီး သောင်းရင်းမြစ်ရဲ့ ကမ်းနဖူးပေါ်မှာ ယာယီတဲတွေကို အပြိုင်အဆိုင်ဆောက်လုပ်နေကြပါတယ်။ ညီညာတန်းစီကာ ဆောက်လုပ်ထားတဲ့ အမည်းရောင် ယာယီတဲတွေလည်းရှိသလို အစိမ်းရောင်တာပေါ်လင် အမိုးတွေနဲ့ ဟိုတစ်စု၊ ဒီတစ်စု ဆောက်လုပ်ထားတဲ့ စစ်ရှောင်တဲတွေကိုလည်း တွေ့ရပါတယ်။

ရာချီရှိတဲ့ ဒီစစ်ရှောင်ယာယီတဲတွေဟာ စက်တင်ဘာလ တတိယပတ်ကမှ ဒီနေရာကို ရောက်လာကြတာပါ။ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ တပ်တွေ ကရင်ပြည်၊ မြဝတီမြို့နယ်ကို ပြန်လည်ခြေချပြီး တိုက်ပွဲတွေ ဆက်တိုက်ဖော်ဆောင်ကတည်းက ဒေသတွင်းနေထိုင်ကြတဲ့ ပြည်သူတွေဟာ နေစရာအိမ်ရာတွေကို စွန့်ခွာပြီး ဘေးကင်းရာကို ထွက်ပြေးတိမ်းရှောင်နေကြရတာပါ။

ကရင်ပြည်နယ် သင်္ဃန်းညီနောင်၊ လေးကေ့ကော်နဲ့ မြဝတီမြို့ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)နဲ့ PDF ပူးပေါင်းတပ်တွေက ၂၀၂၄ မတ်နဲ့ ဧပြီလတွေမှာ တိုက်ခိုက်သိမ်းပိုက်ခဲ့တာကြောင့် စစ်ကောင်စီဟာ ၂၀၂၄ ဧပြီလထဲမှာပဲ အောင်ဇေယျစစ်ကြောင်းအမည်နဲ့ မြဝတီကို ပြန်လည်သိမ်းပိုက်ဖို့ ကြိုးစားခဲ့ပါတယ်။

အောင်ဇေယျစစ်ကြောင်းဟာ အကျအဆုံးများစွာနဲ့ တစ်နှစ်ကျော်ကြာ ကျားကုတ်ကျားခဲ ချီတက်ခဲ့ပြီးနောက် ၂၀၂၅ စက်တင်ဘာလဆန်းပိုင်းမှ မြဝတီမြို့နယ်ထဲကို ခြေချနိုင်ခဲ့ပါတယ်။

အာဏာသိမ်းစစ်တပ် မြဝတီမြို့ကိုခြေချနိုင်ပြီးနောက်မှာတော့ ၎င်းတို့လက်လွတ်ဆုံးရှုံးခဲ့ရတဲ့ မြဝတီမြို့ တောင်ဘက်ရှိ လေးကေ့ကော်မြို့ကိုပါ စက်တင်ဘာလ တတိယပတ်ထဲမှာ စစ်ကြောင်းထိုးလာပါတော့တယ်။

မြဝတီမြို့ကို စစ်ကောင်စီတပ်သားတွေ ခြေချပြီး လေးကေ့ကော်မြို့ကို ချီတက်သိမ်းယူမယ်ဆိုတဲ့ အချိန်ကတည်းက လေးကေကော်မြို့ခံတွေဟာ ဘေးလွတ်ရာကို တိမ်းရှောင်ခဲ့ရပါတယ်။

စစ်ကောင်စီဟာ လေးကေ့ကော်မြို့ကို ပြန်လည်သိမ်းပိုက်ဖို့ ကြိုးပမ်းရာမှာ မြဝတီမြို့စောင့်တပ်ဖြစ်တဲ့ ခလရ (၂၇၅)တပ်ရင်းကနေ လေးကေ့ကော်မြို့အနီးဝန်းကျင်ကို လက်နက်ကြီးတွေနဲ့ နေ့စဉ် ပစ်ကူပေးပြီး မြေပြင်ကနေလည်း စစ်ကြောင်းတွေ ထိုးနေတာဖြစ်ပါတယ်။

ဒါကြောင့်လည်း လေးကေ့ကော်မြို့မှာ နေထိုင်ကြတဲ့ ဒေသခံတွေအပါအဝင် လေးကေ့ကော်အနီးဝန်းကျင် ကျေးရွာတွေက ဒေသခံတွေပါ ဘေးလွတ်ရာသို့ ကြိုတင်တိမ်းရှောင်နေကြရပါတယ်။

ဒီလိုထွက်ပြေးတိမ်းရှောင်ကြရာမှာ တချို့သော ဒေသခံပြည်သူတွေက မြန်မာပြည်ဘက်ခြမ်း သောင်ရင်းမြစ်ကမ်းဘေးတွေမှာ နေထိုင်ကြသလို တချို့သော ပြည်သူတွေဟာ ထိုင်းနိုင်ငံဘက်ခြမ်းက ကျေးရွာတွေဆီ တိမ်းရှောင်ကြပါတယ်။

ထိုင်းနိုင်ငံဘက်ခြမ်းကို ထွက်ပြေးတိမ်းရှောင်မယ်ဆိုရင် သောင်ရင်းမြစ်ဖြတ်ကူးခ လူတစ်ဦးကို ဘတ် ၅၀ (မြန်မာငွေ ၇၀၀၀ ကျပ်ဝန်းကျင် )ပေးရမှာဖြစ်ပြီး နေထိုင်ဖို့အတွက်လည်း အိမ်ခန်း၊ အဆောင်တွေ ငှားရမ်းရမှာဖြစ်တာကြောင့် ပိုက်ဆံတတ်နိုင်တဲ့သူတချို့သာ ထိုင်းဘက်ကို စစ်ရှောင်တာမျိုးလုပ်ကြတယ်လို့ ထိုင်း-မြန်မာနယ်စပ်၊ ထိုင်းနယ်နိမိတ်ထဲမှာရှိတဲ့ မဲ့ကိုကင်းကျေးရွာက စစ်ရှောင်တစ်ဦးက ပြောပါတယ်။

စက်တင်ဘာနောက်ဆုံးပတ်က စစ်ကောင်စီတပ်ဖွဲ့တွေ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ဟာ ထိုင်းနိုင်ငံနယ်နိမိတ်အတွင်း ကျရောက်ပေါက်ကွဲခဲ့တဲ့ဖြစ်စဉ်ဖြစ်ပွားပြီးနောက် ကြိုတင်ရှောင်ပြေးလာကြတဲ့ စစ်ရှောင်ဦးရေပိုများလာတယ်လို့ စစ်ရှောင်တွေကို နေစရာ ကူညီပေးခဲ့တဲ့ မဲ့ကိုကင်းရွာက စစ်ရှောင်တစ်ဦးက ဆိုပါတယ်။

မဲ့ကိုကင်းကျေးရွာကို ထွက်ပြေးတိမ်းရှောင်လာတဲ့ မြန်မာစစ်ဘေးရှောင်အိမ်ထောင်စုပေါင်း ၇၀ ကျော်ခန့်ရှိပြီး လူဦးရေဟာ ၃၀၀ ခန့်ရှိတယ်လို့ ထိုင်းဘက်ရောက်စစ်ရှောင်တွေကို ကူညီပေးနေတဲ့ မဲ့ကိုကင်းရပ်ကွက်(၁)က ဦးစိုးပိုင်က ဆိုပါတယ်။

သူဟာ မဲ့ကိုကင်းကျေးရွာကိုရောက်လာတဲ့ စစ်ဘေးရှောင်တွေအတွက် နေထိုင်ဖို့ အိမ်ငှားပေးတာ၊ လိုအပ်တဲ့ နေထိုင်ခွင့်အထောက်အထားရရှိစေရန် ဆောင်ရွက်ပေးတာ၊ လတ်တလော စားသောက်ရေးအတွက် ကူညီဆောင်ရွက်ပေးတာ၊ ကျန်းမာစောင့်ရှောက်မှုခံယူရမယ့်သူတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှုရ ရှိစေရန် ဆောင်ရွက်ပေးတာတွေကို ကူညီပေးပါတယ်။

ထိုင်းဘက်ကိုထွက်ပြေး တိမ်းရှောင်လာတဲ့ မြန်မာစစ်ရှောင်တွေဟာ မင်းလက်ပံ၊ ဖလူး၊ နို့ဘိုးနဲ့ ပဟိကလော်ရွာက စစ်ရှောင်တွေဖြစ်ကြတယ်လို့ သူကဆိုပါတယ်။

ကိုစိုးပိုင်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက် ကရင်ပြည်နယ်၊ ထိုင်း-မြန်မာနယ်စပ်မှာ တိုက်ပွဲတွေ စတင်ဖြစ်ပွားခဲ့တဲ့ အချိန်ကစပြီး စစ်ရှောင်ကူညီပေးရေးလုပ်ငန်းတွေကို ကူညီဆောင်ရွက်ပေးနေ သူတစ်ယောက်ပါ။

အခုအကြိမ်ဟာ ဒုတိယမြောက်ကူညီပေးရတာဖြစ်ပြီး ၂၀၂၁နှစ်ကုန်ပိုင်းလောက်က ပထမအကြိမ် ကူညီဆောင်ရွက်ပေးခဲ့စဉ်က မဲ့ကိုကင်းကျေးရွာကို စစ်ရှောင်လာတဲ့ လူဦးရေ ၄,၀၀၀ နီးပါးခန့်ကို ကူညီပေးခဲ့ဖူးတယ်လို့ သူက ဆိုပါတယ်။

လက်ရှိမှာ ထိုင်းဘက်ခြမ်းရောက်နေကြတဲ့ မြန်မာတချို့ကလည်း စစ်ဘေးရှောင်တွေ စားသောက်ရေး အဆင်ပြေစေဖို့ ကိုစိုးပိုင်ထံ အစားအသောက်တချို့ လာရောက်လှူဒါန်းကြသလို မြန်မာ ပြည်ဘက်အခြမ်း၊ သောင်းရင်းမြစ်ကမ်းဘေး တဲထိုးနေကြသူတွေထံ သွားရောက်လှူဒါန်းလိုရင်လည်း လိုက်လံကူညီပို့ဆောင် ပေးတယ်လို့ ကိုစိုးပိုင်က ဆိုပါတယ်။

သောင်ရင်းမြစ်ကမ်းဘေး ယာယီတဲထိုးကာ စစ်ရှောင်နေကြတဲ့ ဒေသခံတွေ စားသောက်ရေးအတွက် အကူအညီတွေ လိုအပ်နေသလို ယာယီထဲထိုးဖို့လည်း တာပေါ်လင်နဲ့ အမိုးအကာတွေ လိုအပ်နေဆဲဖြစ်တယ်လို့ စစ်ရှောင်စခန်းအထိသွားရောက် ကူညီပေးနေတဲ့ စေတနာရှင်ကူညီပေးအဖွဲ့တွေက ဆိုပါတယ်။

လေးကေ့ကော်မြို့ကို ပြန်လည်သိမ်းပိုက်ဖို့ကြိုးစားနေတဲ့ စစ်ကောင်စီတပ်တွေဟာ စက်တင်ဘာ ၂၉ ရက်မှာ မြဝတီမြို့နယ်၊ မင်းလက်ပံရွာက စာသင်ကျောင်းကို ကာမီကာဇီဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပါသေးတယ်။ ကျောင်းပိတ်ထားတဲ့အတွက် အထိအခိုက်မရှိခဲ့ပေမယ့် စာသင်ကျောင်းဆောင်ပျက်စီးသွားခဲ့ပါတယ်။

စစ်ကောင်စီဟာ လေးကေ့ကော်အနီးဝန်းကျင်ရှိ ဖလူး၊ မင်းလက်ပံ၊ မယ်ထော်သလေးစတဲ့ ကျေးရွာတွေက ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းတွေကို ဒရုန်းနဲ့ဗုံးသီးချတာ၊ လက်နက်ကြီးနဲ့ပစ်ခတ်တာ၊ လေယာဉ်နဲ့ ဗုံးကြဲတာတွေ မကြာခဏပြုလုပ်နေတာကြောင့် ဒေသခံရွာသူ၊ ရွာသားတွေဟာ သောင်ရင်းမြစ်ကမ်းဘေးမှာ စစ်ရှောင်နေကြရပါတယ်။

ထိုင်းနိုင်ငံ၊ မဲ့ကိုကင်းကျေးရွာက ကိုစိုးပိုင်ကတော့ လက်ရှိမှာ စစ်ရှောင်ဦးရေနည်းသေးတာကြောင့် အခက်အခဲမရှိသေးပေမယ့် ရေရှည်ဆိုရင်တော့ (စားသောက်ရေးအတွက်) အကူအညီလို အပ်လိမ့်မယ်လို့ မှတ်ချက်ပြုပါတယ်။

စစ်ကောင်စီဟာ လေးကေ့ကော်မြို့ကို ပြန်လည်သိမ်းပိုက်ရေးအတွက် ထိုးစစ်တွေဆင်နေဆဲပါ။ ထိုင်း-မြန်မာနယ်စပ် သောင်ရင်မြစ်ကမ်း၊ မြန်မာဘက်အခြမ်းမှာတော့ လက်နက်ကြီးသံတွေ၊ ပစ်ခတ်သံတွေက စက်တင်ဘာ တတိယပတ်ကစတင်ပြီး အောက်တိုဘာ ၂ ရက် ဒီနေ့အထိ ဆက်တိုက်ကြားနေရဆဲဖြစ်တာကြောင့် စစ်ဘေးရှောင်တွေဟာ ထပ်မံတိုးလာဖို့သာရှိပါတယ်။

လာမယ့်လတွေဆိုရင် မြူတွေကျပြီး အချမ်းပိုလာတော့မှာပါ။ သောင်ရင်းမြစ်ကမ်းဘေးက စစ်ရှောင်တွေဟာ နေထိုင်ရေး၊ စားသောက်ရေးအပြင် ရာသီဥတုဒဏ်ကိုပါခံရပြီး ဒုက္ခတွင်း ပိုနက်လာဖို့သာရှိပါတယ်။

သောင်ရင်းမြစ်တစ်ဖက်ကမ်း၊ ထိုင်းဘက်အခြမ်းက Curve 33 နေရာလေးကတော့ လာမယ့်လတွေဆိုရင် မြူနှင်းတွေကျပြီး ပိုပြီးသာယာလှပလာတော့မှာပါ။ လာရောက်လည်ပတ်ကြတဲ့ ဧည့်သည်တွေလည်း ပိုများလာတော့မှာပါ။ ဆောင်းတွင်းဖက်ရှင်မျိုးစုံနဲ့ ဓာတ်ပုံတွေ အရိုက်ခံကြရင်း ပိုပြီးပျော်စရာကောင်းတဲ့ Curve 33 ဖြစ်လာဦးမှာပါ။

အဲဒီအခါ သောင်ရင်းမြစ်တစ်ခုသာခြားထားတဲ့ ထိုင်းဘက်ခြမ်းက Curve 33 နဲ့ သောင်ရင်းမြစ်ဘေးက မြန်မာစစ်ရှောင်စခန်းတို့ရဲ့ ဒုက္ခနဲ့ သုခဟာ ပိုပြီးထင်ရှားလာပါလိမ့်မယ်။

Leave a Comment

4 comments

anm"ala dig till binance December 9, 2025 - 9:42 am

Thank you for your sharing. I am worried that I lack creative ideas. It is your article that makes me full of hope. Thank you. But, I have a question, can you help me?

Reply
dangnhap188bet December 22, 2025 - 10:32 pm

Another easy 188bet login – dangnhap188bet makes life so much simpler. No more searching for the right link! Try it!. Directly accesses dangnhap188bet

Reply
phtaya 63 January 14, 2026 - 5:49 pm Reply
pin77 casino January 14, 2026 - 9:54 pm Reply

Subscribe to Get New Updates

You Can Subscribe To get News Update From Mandaing News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Will be used in accordance with our u00a0Privacy Policy

@2025 – All Right Reserved. Mandaing