ကျေးဇူးတင်တယ် ဗိုလ်ပိုင်ချဲ

လင်းဇေ ရေးသည်။

မဏ္ဍိုင် စက်တင်ဘာ ၂၅၊ ၂၀၂၅။

ရန်သူတွေကို ခင်ဗျားရဲ့ လက်အစုံနဲ့ ကိုယ်တိုင်သုတ်သင်လိုက်နိုင်သလို ရန်သူရဲ့ ကလေးငယ်တစ်ယောက်ကို လည်း ခင်ဗျားကိုယ်တိုင်ပဲ မွေးဖွားပေးလိုက်တယ်။ ကလေးချီထားတဲ့ ခင်ဗျားပုံကို ကြည့်ပြီး ဝမ်းသာကျေးဇူး တင်မိတယ်။ လေးစားပါတယ် ဗိုလ်ပိုင်ချဲရေ။

မိနစ်ပိုင်းသာ ကြာလိုက်တဲ့ဖြစ်ရပ်မှန် စခန်းသိမ်းတိုက်ပွဲတစ်ခုမှာ ရန်သူတွေကို နှိမ်နင်းစခန်းသိမ်းနိုင်ခဲ့တယ်၊ ကလေးတွေ၊ အမျိုးသမီးတွေရဲ့အသက်တွေကို ချမ်းသာပေးခဲ့တယ်။ တကယ့်ကို ရသမျိုးစုံခံစားလိုက်ရတဲ့ အခိုက်အတန့်ပါ။ ဇာတ်လမ်းက ဒီမှာ ရပ်မနေဘဲ စခန်းသိမ်းတိုက်ပွဲက ဖမ်းခေါ်လာခဲ့တဲ့ ကိုယ်ဝန်ဆောင်သည်ကို မီးဖွားစေတယ်။ ကလေးချီထားတဲ့ ခင်ဗျားကို မြင်ရတော့ ဗိုလ်ပိုင်ချဲက အနိုင်ကြဲခဲ့တာပဲလို့ တွေးမိတယ်။

ခင်ဗျားတို့ရိုက်ထားတဲ့ ကန့်ဘလူမြို့နယ်၊ ဇီးကုန်မြို့ရဲစခန်းသိမ်းတိုက်ပွဲဟာ ၁၁ မိနစ်ကျော်ရုံမျှပါပဲ။ တေပါကား (ကျောက်သယ်ကား) ကြီးထဲမှာ လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ တိတ်တဆိတ်လိုက်ပါလာတယ်ဆိုကတည်းက စကစ နောက်လိုက်တွေကို နှိမ်နင်းတော့မယ်ဆိုတာ သိနေပြီးသားပါ။ ကားထဲကနေ မတ်တပ်ရပ်ပြီး အရင်ဆုံးပစ်တာက ခင်ဗျား ကိုယ်တိုင်ပဲ။ ခင်ဗျား တော်တော်လက်ဖြောင့်တယ်ဗျာ။ ကင်းစောင့်နေတဲ့ စကစ နှစ်ယောက် ခွေကနဲပဲ။ မတ်တပ်ရပ်ချိန်တောင် မရလိုက်ဘူး။

ကင်းစခန်းတစ်ခုကို ပစ်ပြီး ကားမောင်းပြေးကြမယ်လို့ ကျွန်တော်က ထင်ထားမိလိုက်တာ၊ အခုတော့ ခင်ဗျား အပါအဝင် ရဲဘော်တွေအားလုံး ကားပေါ်က ခုန်ထွက်၊ ဝါးချွန်တွေနဲ့ အထပ်ထပ်ကာရံထားတဲ့ ရဲစခန်းထဲ အတင်းပြေး တက်ကြတယ်။ အဲဒီနေရာမှာ အချိန်မဆိုင်းဘဲ အတင်းဝင်သွားတဲ့ ခင်ဗျားကို ကြည့်ပြီး ကျွန်တော်လန့်သွားတယ်။ ဒါက ရုပ်ရှင်ရိုက်နေတာ မဟုတ်ဘူးလေ။ ကင်မရာသမားက သူနဲ့ ဘာမှ မဆိုင်သလို၊ ဒီတိုက်ပွဲမှာ သူ မပါသလို ရှေ့ကနေ ရိုက်သွားရတာမျိုး မဟုတ်ဘူးလေ။ သေနတ်အစစ်တွေနဲ့ အပြန်အလှန် ဆော်နေကြတာ။

ခင်ဗျားက တစ်ယောက်တည်း အကြောက်အလန့်မရှိ ပြေးတက်သွားတယ်။ တေပါကား (ကျောက်သယ်ကား) အကွယ်က ထွက်မလာသေးတဲ့ ရဲဘော်တွေကို ငါနဲ့ ကိုင်တုတ်ပြီး လှည့်ခေါ်နေတဲ့အချိန် အထဲက လှမ်းပစ်ရင် ဒုက္ခပဲလို့ တွေးပူ လိုက်ရသေးတယ်။

ကျွန်တော့်ကို သွေးတက်သွားစေတဲ့အချိန်ကတော့ ရဲစခန်းအဝင်ဝ ဘန်ကာထဲက သားအမိကို ရုတ်တရက်တွေ့ လိုက်ရတဲ့အချိန်ပဲ။ အထဲမှာ စကစကောင်ရှိနေရင်လည်း ခင်ဗျားကို ပစ်မှာ။ ပြီးတော့ ဘန်ကာထဲဝင်တဲ့အခါ ပစ်ရှင်း ရှင်းပြီး ဝင်လိုက်ရင်တော့ သားအမိတွေ ဘဝက မတွေးရဲစရာပဲ။

ဒါပေမဲ့ ခင်ဗျားတို့တွေ အဲဒီလို မလုပ်ခဲ့ဘူး။ ရန်သူရဲ့ လူတွေပဲဆိုပြီးတော့လည်း ခင်ဗျားတို့လက်ထဲက သေနတ်တွေ စည်းကမ်း မမဲ့ခဲ့ဘူး။ သားအမိတွေဘေးမှာ လက်ပစ်ဗုံးခွဲဖို့လုပ်နေတဲ့ စကစနောက်လိုက်ကောင်ကို ပစ်မယ်၊ မပစ်ဘူးဆိုတဲ့ စက္ကန့်ပိုင်းအတွင်း ဆုံးဖြတ်လိုက်တဲ့ ခင်ဗျားရဲ့ဆုံးဖြတ်ချက်တွေကြောင့် ကြည့်နေရင်း စိတ်သက် သာရာ ရခဲ့ရတယ်။

ဘန်ကာထဲက ခင်ဗျားထွက်သွားပေမယ့် နောက်ကျန်ရဲဘော်က သားအမိတွေကို ပစ်လိုက်လေမလားလို့ တွေးမိ သေးတယ်။ ရုပ်သံကို ဆက်ကြည့်နေရင်း မပစ်ပါစေနဲ့လို့ စိတ်ထဲက အကြိမ်ကြိမ်ရေရွတ်မိနေတယ်။ ရုပ်သံရဲ့ အဆုံးနားမှာ အဲဒီသားအမိတွေ ဘန်ကာထဲက အတူတူထွက်လာတာမြင်မှ ကျွန်တော့်မှာ စိတ်အေးရတယ်။ ခင်ဗျားနဲ့အတူတပ်ဖွဲ့ဝင် ရဲဘော်အားလုံးကို ကျေးဇူးတင်တယ်။ လေးစားပါတယ်။

အညာမှာ လူတကာကိုသတ်၊ ပြည်သူအိမ်တွေကို မီးရှို့ဖျက်ဆီးနေကြတဲ့ မင်းအောင်လှိုင်နောက်လိုက် စကစ ကောင်တွေကို ဖမ်းမိတဲ့အခါ လက်ထဲမှာ သေနတ်တွေရှိပါလျက်နဲ့ လက်လွတ်စပယ် မသတ်ဘဲ ထိန်းချုပ်ထားနိုင်တဲ့ ခင်ဗျားတို့ရဲ့ ရင့်ကျက်လာမှုကိုလည်း မချီးကျူးပဲ မနေနိုင်ဘူး။ လက်ထဲမှာ သေနတ်ရှိပါလျက်နဲ့ ရမ်းကားချင်တိုင် မရမ်းကားတဲ့ တော်လှန်ရေးရဲဘော်တွေရဲ့ တိုးတက်လာမှုကို အသိအမှတ်မပြုဘဲ မနေနိုင်ဘူး။

လက်နက်ကိုင်ထားတဲ့ တော်လှန်ရေးရဲဘော်တွေကို ကျွန်တော်စိတ်ပူမိတာ အဲဒီအချက်ပဲ။ ပြည်သူကို ဖြစ်စေ၊ တော်လှန်ရေးသမားအချင်းချင်းကို ဖြစ်စေ၊ ဖမ်းမိထားတဲ့ စကစနောက်လိုက်နဲ့ စကစထောက်ခံသူတွေကို လက်လွတ်စပယ် သတ်ပစ်လိုက်တာမျိုး လုပ်မိမှာ တချက်ပဲ။ ဘာကြောင့်ဆို အဲဒီလိုမျိုး အကြောင်းအရာတွေ၊ သတင်းတွေကို ကျွန်တော် မရေးချင်ဆုံးပဲ။ အမှန်တရားအတွက် တိုက်ပွဲဝင်နေတဲ့သူတွေ အမှားလုပ်မိတာမျိုး မဖြစ်စေချင်ဘူး။

အခု ဇီးကုန်းရဲစခန်းတိုက်ပွဲမှာတော့ တော်လှန်ရေးတပ်ဖွဲ့တွေအတွက် ဂုဏ်ယူခဲ့ရတယ်။ ပြည်သူတွေလည်း ရင်ထဲကနေ ချီးကျူးဂုဏ်ယူမယ်လို့ ယုံကြည်တယ်။

ကိုယ်ဝန်ဆောင်သည် လင်မယားကို ခေါ်ထုတ်တဲ့နေရာကတော့ ကျွန်တော့်အတွက် ဝမ်းသာပီတိဖြစ် လိုက်ရတဲ့ နေရာပါပဲ။ စကစနောက်လိုက် ရဲတပ်သား ငနဲက ဘန်ကာထဲကထွက်လာတော့ ကိုယ်ဝန်ဆောင်သည် ဇနီးသည်ကို ရှေ့ကထားတယ်။ စိတ်ပူလိုက်တာဗျာ၊ ပစ်များပစ်လိုက်ရင်တော့ ကိုယ်ကျိုးနည်းရ ချည်ရဲ့။

ဒီနေရာမှာ သတိထားမိတာတစ်ခုက ပြည်သူတွေမဆိုထားနဲ့ စကစနောက်လိုက်တွေကိုယ်တိုင်တောင် တော်လှန်ရေးရဲဘော်တွေအပေါ် တစ်စုံတရာယုံကြည်မှုတွေရှိတယ်။ သူတို့အပေါ် မတရားမလုပ်ဘူး၊ တရားမမဲ့ဘူးဆိုတာ သူတို့သိနေကြတယ်။

ဘာကြောင့်ဆို ဒီလောက်သေနတ်တွေနဲ့ပစ်ခတ်နေကြတဲ့အချိန်၊ သေနတ်တွေနဲ့ ဝိုင်းချိန်ထားပြီး ခေါ်ထုတ်ခံ ရတဲ့အခြေအနေမှာတောင် ကိုယ်ဝန်ဆောင်သည် အမျိုးသမီးရဲ့ မျက်နှာမှာ ကြောက်ရွံ့နေတဲ့ပုံစံ တစ်စက်လေးမှ မတွေ့ဘူး။ ပြုံးပြုံးပဲ။ ရဲတပ်သား ငနဲကလည်း သူဝတ်ဖို့ အင်္ကျီတောင်းလိုက်တဲ့အပြင် သူ့မိန်းမရဲ့ ဗိုက်ဖုံး အင်္ကျီကိုတောင် တော်လှန်ရေးရဲဘော်တွေကို ယူခိုင်းလိုက်သေးတယ်။

“ဗိုက်ဖုံးအင်္ကျီယူခဲ့ပေးစမ်းပါကွာ” လို့ ရဲဘော်တွေကို ခင်ဗျား အော်ပြောလိုက်တဲ့အသံကိုကြားရတော့ ကျွန်တော် အသံထွက်ပါ ရယ်မိတယ်။

တကယ်ဗျာ ၁၁ မိနစ်ကျော်သာရှိတဲ့ ရုပ်သံဖိုင်ထဲမှာ ရသမျိုးစုံရလိုက်တယ်။ ခင်ဗျားကိုယ်တိုင် ရှေ့ဆုံးကနေ ဝင်တိုက်ခဲ့တဲ့ ရဲရင့်မှု၊ တပ်ဖွဲ့ဝင်ရဲဘော်တွေကို ပိုင်ပိုင်နိုင်နိုင် ညွန်ကြားနိုင်မှု၊ သေနတ်ကိုင်ထားတဲ့ လက်တွေကို ဘယ်ဟာတော့လုပ်၊ ဘယ်ဟာတော့ မလုပ်နဲ့လို့ ကွပ်ကဲထားနိုင်မှု၊ စက္ကန့်ပိုင်းအတွင်းမှာ အရေးကြီးတဲ့အချက်တွေကို မေးမြန်းခေါ်ထုတ် စစ်ဆေး၊ အမိန့်ပေးသွားတာ တကယ့်ကို အားရစရာ၊ အထင်ကြီးစရာပါပဲ။ ခင်ဗျားနဲ့အတူ စခန်းသိမ်းတိုက်ပွဲမှာ ပါဝင်ခဲ့ကြတဲ့ ရဲဘော်အားလုံးကို ဂုဏ်ယူလေးစားကြောင်း ထပ်ပြောပါရစေ။

စခန်းသိမ်းတိုက်ပွဲအပြီးမှာ ကကွက်လေးနဲ့ အဖွဲ့လိုက် အောင်ပွဲခံကသွားတာကတော့ တကယ့်အမှတ်တရ၊ တကယ့်ပျော်စရာပါ။ ကျွန်တော်ကြည့်နေရင်း စိတ်ပူတာက စကစတွေရဲ့ စစ်ကူနဲ့ လေယာဉ်တွေ ရောက်လာ ကြမှာ တချက်ပဲ။ ဒါပေမဲ့လည်း စကစတွေက လူငယ်တွေကိုသာ သူတို့တပ်ထဲ အတင်းထည့်၊ သေတွင်းအတင်း ပို့သာ လုပ်တာ အခုလို အသက်ကယ်ရမယ့်အခြေအနေမျိုးကြရင်တော့ ပေါ်လာတတ်တာတော့ မဟုတ်ပါဘူး။

ခင်ဗျားတို့တပ်ရင်းအပါအဝင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ကန့်ဘလူမြို့နယ်၊ ဇီးကုန်းရဲစခန်းကို စက်တင်ဘာ ၁၇ ရက်မှာ အောင်မြင်စွာဝင်သိမ်းခဲ့ကြတယ်။ စကစနောက်လိုက် ၆ ဦးကို နှိမ်နင်းနိုင်ခဲ့ပြီး ၁၁ ဦးကို ဖမ်းဆီးနိုင်ခဲ့တယ်။ ဖမ်းဆီးခေါ်ဆောင်လာတဲ့အထဲက ကလေးတွေ၊ အမျိုးသမီးတွေကို ကျန်းမာရေးစောင့်ရှောက်ပေးနိုင်ခဲ့တယ်။

စက်တင်ဘာလ ၂၄ ရက်မှာ ဖမ်းဆီးခေါ်ဆောင်လာတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးကို ကလေးမွေးပေးနိုင်ခဲ့တယ်။ အဲဒီကလေးမွေးပြီဆိုတဲ့သတင်းနဲ့ ခင်ဗျား ကလေးချီထားတဲ့ပုံကို မြင်လိုက်ရတဲ့အခါ ဝမ်းသာမှုက ဖော်မပြတတ်အောင်ပါပဲ။ စစ်အာဏာရှင်ဆိုတဲ့ရန်သူကို လိုအပ်ချက်အရသတ်ဖြတ်နေရပေမယ့် ရန်သူ့ အဖွဲ့အစည်းက ကလေးတွေကို စောင့်ရှောက်ပေးဖို့၊ မွေးဖွားပေးဖို့လည်း ဝန်မလေးဘူးဆိုတဲ့ စိတ်ဓာတ်က ခင်ဗျားဆီမှာ တပြိုင် နက်တည်းတွေ့ရတယ်။ အေးဗျာ ခံစားမှုရသအစုံရသလို သင်ခန်းစာ၊ အတုယူစရာတွေ လည်း ရပါတယ်။

အောင်နိုင်မှုတွေ ဆာလောင်နေတဲ့အချိန်မှာ ဇီးကုန်းရဲစခန်းသိမ်းတိုက်ပွဲဟာ အားလုံးကို စိတ်ကျေနပ်စေမှာပါ။ ဂုဏ်ယူစရာတွေလည်း အပြည့်ပါပဲ။ ဇီးကုန်းရဲစခန်းသိမ်းတိုက်ပွဲသတင်းကို ဖတ်ရ၊ ကြည့်ရတဲ့သူတွေလည်း ကျွန်တော့်လို ခံစားမှုမျိုးစုံရပြီး ဝမ်းသာနေကြမယ်ဆိုတာ ကျိန်းသေပါတယ်။

ခင်ဗျားနဲ့အတူ တခြားသော တော်လှန်ရေးရဲဘော်တွေအားလုံး ဘေးကင်းပါစေ၊ စစ်စည်းကမ်းတွေကို တိတိကျ ကျလိုက်နာနိုင်ပြီးတော့ အောင်မြင်မှုတွေ ဆက်လက်ပိုင်ဆိုင်နိုင်ပါစေ၊ လိုအပ်နေတဲ့ ပြည်သူလူထုရဲ့ အထောက် အပံ့တွေလည်း လုံလုံလောက်လောက် အမြန်ဆုံးရပါစေလို့ ဆုတောင်းပေးပါတယ် ဗိုလ်ပိုင်ချဲရေ။

Leave a Comment

4 comments

ProjectPM November 11, 2025 - 3:39 am

Exceptional work. This is very well-researched.

Reply
Binance注册奖金 December 18, 2025 - 6:54 am

I don’t think the title of your article matches the content lol. Just kidding, mainly because I had some doubts after reading the article.

Reply
one88taixiu December 22, 2025 - 10:33 pm

Right, had a crack at one88taixiu, focusing on Tai Xiu of course. If you’re into that game, then it’s worth a look. Pretty straight forward betting, good odds… overall a pretty decent site dedicated to tai xiu. Check it: one88taixiu

Reply
a45com January 14, 2026 - 6:57 pm Reply

Subscribe to Get New Updates

You Can Subscribe To get News Update From Mandaing News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Will be used in accordance with our u00a0Privacy Policy

@2025 – All Right Reserved. Mandaing