ပြည်မြို့ ငရဲခန်းမှ အိမ်မပြန်နိုင်ကြသူများ

မဏ္ဍိုင်၊ စက်တင်ဘာ ၁၀၊ ၂၀၂၅။     

စစ်တပ်အာဏာသိမ်းမှု ဆန့်ကျင်သူတစ်ဦးကို ဖမ်းဆီးနှိပ်စက်ပြီးနောက် အချုပ်ခန်းတစ်ခုထဲ၌ စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ထိပ်တုံးခတ်ထားလိုက်သည်။ ဤအချုပ်ခန်းတွင် မကြာသေးမီက သေဆုံးသွားသူများရှိပြီး သရဲခြောက်သည့်အခန်းဖြစ်ကြောင်း အဖမ်းခံထားရသူကို စစ်ကောင်စီတပ်သားတစ်ဦးက ရှင်းပြသည်။

ဘုန်းကြီးတရားများ ဖွင့်ထားပါက အခြေအနေပိုမိုဆိုးရွားကြောင်းကိုလည်း စစ်သားက ထပ်မံရှင်းပြသည်။ ပြီး လျှင် အခန်းတစ်ခုလုံးကို အမှောင်ချလိုက်ကာ အချုပ်ခန်းတံခါးကို အပြင်မှ သော့ခတ်ထားလိုက်၏။ အချုပ်ခန်း ပြတင်းပေါက် တံခါးဘောင်တွင် ဖုန်းတစ်လုံးဖြင့် တရားသံ ဖွင့်ပေးထားခဲ့၏။

“မနက်ကျ သွားကြည့်တော့ သေနေပြီ။ တကယ်လည်း အဲဒီအခန်းက သူရဲခြောက်တယ်။” ဟု အဆိုပါ နှိပ်စက်ညှဉ်းပန်းမှုတွင် ကိုယ်တိုင်ပါဝင်ခဲ့သည့် စစ်ကောင်စီတပ်မှ တပ်ကြပ်ကြီးတစ်ဦးက ပြောသည်။

စစ်တပ်အာဏာသိမ်းခဲ့သည့် ၂၀၂၁ ဖေဖော်ဝါရီလမှ မေလအထိ ၃ လအတွင်း အဆိုပါ အချုပ်ခန်း၌ ဖမ်းဆီး သတ်ဖြတ်ခံရသူ ၇ ဦးခန့်အထိရှိခဲ့သည်။ စစ်ကောင်စီတပ်သားများကတော့ အဆိုပါ အချုပ်ခန်းကို “ငရဲခန်း” ဟု အမည်ပေးထားကြသည်။

ငရဲခန်းရှိရာနေရာသည် ပဲခူးတိုင်းအနောက်ဘက် ၊ ပြည်မြို့ပေါ်ရှိ အမှတ် – ၉၅၉ လျှပ်စစ်နှင့်စက်မှုအင်ဂျင်နီယာ အလုပ်ရုံတပ်ခွဲ (၉၅၉ လျှပ်/စက်တပ်)၊ အရပ်အခေါ် ၉၅၉ တပ်တွင်း၌ ဖြစ်သည်။

ပြည်မြို့တွင် နာမည်ကြီးတိုက်ခိုက်ရေးတပ်များဖြစ်သည့် အင်းမမြို့အခြေစိုက် အမှတ်-၆၆ ခြေမြန်တပ်မဌာန ချုပ် (တမခ-၆၆) လက်အောက်ခံ အမှတ် – ၇၅ ခြေလျင်တပ်ရင်း (ခလရ-၇၅)၊ အမှတ်-၁၄ ခြေလျင်တပ်ရင်း (ခလရ-၁၄) စသည့်တပ်များ၊ ဆက်သွယ်ရေးတပ်ရင်း၊ ထောက်/ပို့တပ်၊ တပ်မတော်စာရင်းစစ်ရုံး၊ တပ်သား စုဆောင်းရေးတပ်၊ စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့၊ အမှတ်-၆ ကုတင် ၁၀၀ စစ်ဆေးရုံ (တဆရ-၆/၁၀၀)၊ ဒေသကွပ်ကဲမှု စစ်ဌာချုပ်-ပြည်(ပြည်-ဒကစ)စသဖြင့် တပ်များရှိသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် ပြည်မြို့ပေါ်၌ အာဏာသိမ်းမှုဆန့်ကျင်ဆန္ဒပြသူများကို အဓိက ပစ်ခတ်ဖြိုခွဲခြင်း၊ မြို့ပေါ် လုံခြုံရေးယူပေးခြင်းနှင့် ဖမ်းဆီးခံရသူများကို ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခဲ့သည့် တပ်မှာ အမှတ်-၉၅၉ လျှပ်စစ်နှင့် စက်မှုအင်ဂျင်နီယာ အလုပ်ရုံတပ်ခွဲ (၉၅၉ လျှပ်/စက်တပ်) အရပ်အခေါ် ၉၅၉ တပ်သာ ဖြစ်သည်။

တကယ်တော့ ၉၅၉ တပ်သည် ပြည်မြို့၏ မြို့ပေါ်  ၁၁ ရပ်ကွက်ဖြစ်သည့် ခေတ္တရာရပ်ကွက်တွင်ရှိသည့် မြို့ပေါ် ရပ်ကွက်ဖြစ်သည်။ ပြည်ဒေသခံ အများစုရှိသည့်တပ်ဖြစ်သလို ပြည်မြို့ခံများနှင့် အရင်းအနှီးဆုံး တပ်ဖြစ်သည်။ ပြည်ဒေသခံ အများစုသည် စစ်တပ်သို့ဝင်လိုလျှင် စစ်မတိုက်ရသကဲ့သို့ မိမိဇာတိသို့ ပြန်ရောက်သည့် ၉၅၉ တပ် သို့သာ ဝင်ကြသည်။

အမှတ် ၉၅၉ တပ်ရင်း တည်နေရာအား Google Map မှ မြင်တွေ့ရစဉ်။

၉၅၉ တပ်မှ မိသားစုဝင် သားသမီးများသည်လည်း ခေတ္တရာ ရပ်ကွက်ရှိ အမှတ်-၅ အခြေခံပညာ အထက်တန်း ကျောင်း(အထက-၅)ကျောင်းထွက်များဖြစ်ပြီး ခေတ္တရာ ရပ်ကွက်သားများ၏ နေအိမ်များတွင် ဝင်ထွက်စား သောက်ဖူးသူများ ဖြစ်သကဲ့သို့ ခေတ္တရာရပ်ကွက်ရှိ လူငယ်အများစုနှင့်လည်း အပေါင်းအသင်းများ ဖြစ်သည်။

တပ်၏ တောင်ဘက်တွင် ရန်ကုန်-ပြည် မီးရထားလမ်းခြားပြီး အထက-၅ ကျောင်း၊ ခေတ္တရာရပ်ကွက်ဈေး၊ တပ် ၏ အရှေ့ဘက်တွင် ပြည်ကွန်ပျူတာတက္ကသိုလ်၊ တပ်၏ အနောက်ဘက်တွင် လမ်းသစ်ဟုခေါ်သည့် လမ်းခြား ပြီး ၉၅၉ တပ် အရာရှိရိပ်သာ၊ မြောက်ဘက်တွင် ပြည်-မန္တလေးလမ်းခြားပြီး ပြည်သာယာရပ်ကွက်တို့ ရှိသည်။

“ငရဲခန်း” ဟု အမည်ပေးထားသည့် ၉၅၉ တပ်ရှိ အချုပ်ခန်းမှာ ကွန်ပျူတာတက္ကသိုလ်နှင့် ကပ်လျက်ရှိနေသည့် အဆောက်အဦပျက်တစ်ခုဖြစ်သည်။ မည်သည့်အတွက် အသုံးပြုခဲ့မှန်းမသိရသော်လည်း တပ်ဗဟိုကင်း၌ လာရောက်ချုပ်ထားသူများအား အဆိုပါ တိုက်ပျက်အခန်းထဲထည့်ကာ နှိပ်စက်ညှဉ်းပန်းသတ်ဖြတ်ရာ၌ အသုံးပြုခဲ့သည်ဟု အမှတ်- ၉၅၉ (လျှပ်/စက်) တပ်မှ ထွက်ပြေးခဲ့သည့် စစ်ကောင်စီတပ်သားများနှင့် အဆိုပါ တပ်တွင် ဖမ်းဆီးချုပ်နှောင်ခံခဲ့ရသူများက ပြောပြသည်။ 

ပဲခူးတိုင်း(အနောက်ပိုင်း)ရှိ စစ်တပ်အာဏာသိမ်းမှုဆန့်ကျင်သူများအားလုံးကို ပြည်-ဒကစမှ ဖမ်းဆီးရာတွင် သက်ဆိုင်ရာမြို့နယ်ရှိ သတင်းရဲတပ်ဖွဲ့-SB နှင့် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများမှ ကူညီသည်။ SB သည် ဒကစမှ ဖမ်းဆီးမည့်သူများအား သတင်းစုံစမ်းပေးခြင်း၊ ဖမ်းဆီးချိန်၌ လိုက်ပါခြင်း၊ ဖမ်းဆီးရမည့်သူ နေအိမ်၌ ရှိ/မရှိ သတင်းထောက်လှန်းခြင်း၊ ရပ်ကျေး/အုပ်ချုပ်ရေးမှူးများမှ ဖမ်းဆီးရမည့်သူ၏ နေထိုင်ရာအား အတည်ပြု ပေးခြင်း၊ နေအိမ်တွင် ရှိ/မရှိအတည်ပြုခြင်း၊ ဖမ်းဆီးချိန်တွင် လိုက်ပါခြင်းများဖြင့် ကူညီရခြင်း ဖြစ်သည်။

ဖမ်းဆီးခံရသူများကို ပြည်-ဒကစရှိ ဗဟိုကင်းအချုပ်၊ ခလရ-၇၅ ဗဟိုကင်းအချုပ်၊ ၉၅၉ တပ် ဗဟိုကင်းအချုပ်၊ အမှတ်-၃ ရဲစခန်းရှိ ခရိုင်ရဲအချုပ် (ပြစ်မှုကျူးလွန်သည့် ရဲတပ်ဖွဲ့ဝင်များအား ပြန်လည်ချုပ်နှောင်သည့် သီးသန့် အချုပ်)တို့၌ ထားရှိပြီး စစ်ကြောရေးလုပ်ရမည့်သူများမှ သက်ဆိုင်ရာနေရာများတွင် လိုက်လံ စစ်ကြောသည်။

ထို့နောက် ဖမ်းဆီးလာသူများကို  မူယာပင်ရပ်ကွက်ရှိ ခေတ္တရာမြို့တော်ခန်းမသို့ခေါ်ယူကာ စစ်ကြောရေး လုပ်သည်။ ယင်းသို့ စစ်ကြောရေးလုပ်ပြီးသည့်နောက် ဖမ်းဆီးထားသူများကို သက်ဆိုင်ရာ တပ်ဗဟိုကင်းအချုပ်ခန်းများသို့ ပြန်လည်ပို့ဆောင်ကြသည်။

၉၅၉ ဗဟိုကင်းအချုပ်သည် ၂ ခန်းတွဲအချုပ်ခန်းဖြစ်သည်။ တစ်ခန်းမှာ ၈ ပေ ပတ်လည်ခန့် ကျယ်ဝန်းပြီး ကျန် တစ်ခန်းမှာ ၁၀ ပေခန့်ကျယ်သည်။ မျက်နှာစာတစ်ဖက်အား သစ်သားတန်းများ ကာရံထားပြီး ကျန်သုံးဖက်မှာ အုတ်နံရံဖြစ်သည်။ အချုပ်ခန်းရှေ့တွင် ဗဟိုကင်းဟောခန်းခြားပြီး တစ်ဖက်တွင် လက်နက်တိုက်ရှိသည်။

စစ်ကြောရေးမှ ၉၅၉ တပ်ရင်း ဗဟိုကင်းအချုပ်ခန်းသို့ ပြန်လည်ပို့ဆောင်ခံရသည့် ဖမ်းဆီးခံရသူများသည် အဆိုပါ ဗဟိုကင်း၌ လည်း ထပ်မံရိုက်နှက်နှိပ်စက်ခံရသကဲ့သို့ အချုပ်ခန်းနှင့် ကိုက် ၂၀၀ ခန့်အကွာတွင်ရှိသည့် ငရဲခန်း အဆောက်အဦပျက်တွင်လည်း ခေါ်ယူရိုက်နှက်နှိပ်စက်ခြင်းများ ပြုလုပ်ခဲ့သည်ဟု အမှတ်- ၉၅၉ (လျှပ်/စက်) တပ်မှ ထွက်ပြေးခဲ့သည့် စစ်ကောင်စီ တပ်သားများနှင့် အဆိုပါတပ်တွင် ဖမ်းဆီး ချုပ်နှောင်ခံခဲ့ရသူများက ဆိုသည်။ 

သေဆုံးသွားသူ တစ်ဦးချင်းစီ၏ အသေးစိတ်အချက်အလက်နှင့် အဖြစ်အပျက်အားလုံးကို မှတ်တမ်းတင်ထား ခြင်းမရှိသော်လည်း ငရဲခန်းစစ်ကြောရေးတွင် သေဆုံးခဲ့သူ ၇ ဦး ခန့်အပါအဝင် ၉၅၉ တပ်ရင်း၏ သတ်ဖြတ်မှု ကြောင့် သေဆုံးသွားသူ စုစုပေါင်းမှာ အယောက် ၂၀ ခန့်ရှိသည်ဟု အဆိုပါ တပ်ရင်းတွင် တာဝန်ထမ်းဆောင်ပြီး စစ်ကြောရေးနှိပ်စက်မှုများ၌ ကိုယ်တိုင်ပါဝင်ကျူးလွန်ခဲ့သော စစ်ကောင်စီတပ်ဖွဲ့ဝင်များက အတည်ပြုသည်။

ပြည်မြို့က ငရဲခန်း

နိုင်ငံရေးအန်တုသူတစ်ဦးကို ဖမ်းဆီးသည့်တော့မည်ဆိုလျှင် ဒကစမှ ဗိုလ်ကြီးတစ်ဦး ဦးဆောင်ကာ ဒကစမှ တပ်ဖွဲ့ ဝင်များ၊ SB မှ အရာရှိတစ်ဦးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး အပါအဝင် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များမှ သွားရောက်ဖမ်းဆီးသည်။

ဤသို့ဖမ်းဆီးသည့်အခါ အိမ်ရှေ့၌လည်း ရိုက်နှက်နှိပ်စက်သကဲ့သို့ ဖမ်းဆီးလာသည့်ကားပေါ်၌လည်း ရိုက်နှက် တတ်သည်။ ဖမ်းချုပ်ထားသည့်နေရာ၌လည်း ရိုက်နှက်သည်။ စစ်ကြောရေး၌လည်း နှိပ်စက်လိုက် ၊ စစ်ဆေး မေးမြန်းလိုက်လုပ်သည်။

ဒကစမှ ဖမ်းဆီးပြီး ၉၅၉ ဗဟိုကင်းတွင် လာရောက်အပ်နှံစဉ် ဖမ်းဆီးသူများကို ရိုက်နှက်ရန် ဒကစမှ မှာကြားခဲ့သည်များလည်းရှိသည်။

“ဒီကောင်ကို့ ဧည့်ခံလိုက်ပါဦး ဆိုတာမျိုးပြောသွားတော့ ဗဟိုကင်းက စာရင်းသွင်းပြီးတာနဲ့ ဆော်တော့တာပဲ။ ” ဟု ၉၅၉ တပ်ရင်းအချုပ်၌ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည့် ပြည်မြို့ပေါ်ရှိ နိုင်ငံရေးအကျဉ်းသားတစ်ဦးက ပြော သည်။

ဗဟိုကင်းအချုပ်နှင့် စစ်ကြောရေးလုပ်ဆောင်သည့်အရာရှိရိပ်သာအား Google Map မှ မြင်တွေ့ရစဉ်။

ဒဏ်ရာမပေါ်စေရန် စွပ်ကျယ်ကို ရေဆွတ်ပြီး ရိုက်သည်။ ရိုက်ခါစက မသိသာသော်လည်း ၁၀ မိနစ်၊ ၁၅ မိနစ်ခန့် ကြာလာသည့်အခါ မခံနိုင်အောင် နာကျဉ်သည့် ဝေဒနာကို ခံစားရစေသည်။ ခြေမွဲရိုးပေါ်ကို ဝါးရင်းတုတ်တင်ပြီး အစွန်းနှစ်ဖက်ကို လူနှစ်ယောက်မတ်တပ်ရပ်ခိုင်းသည်။ တမံတလင်းပေါ်တွင် ကျောက်ခဲအသေးလေးများထားပြီး အဲဒီအပေါ်  ဒူးထောက်ခိုင်းသည်။ လက်ခုံဖြင့် ထောက်ပြီး ဒိုက်ထိုးခိုင်းတာမျိုးလည်း လုပ်ခိုင်းသည်။

ထို့အပြင်  G3 သေနတ်ကျည်ဆန်ကို လက်သီးကြားညှပ်ကာ နံကြားအားထိုးခိုင်းခြင်း၊ နဖူးနှင့် ခေါင်းများအား ထိုးခြင်း၊ ၁ လက်မလုံးပတ်ခန့်ရှိ ဝါယာကြိုးကြီးများဖြင့် ရိုက်ခြင်းများလည်း လုပ်ဆောင်လေ့ရှိသည်ဟု ၉၅၉ တပ်၏ စစ်ကြောရေးကို ဖြတ်သန်းဖူးသူများက ပြောပြသည်။

မြို့ထဲ၌ ပေါက်ကွဲမှု၊ ပစ်ခတ်မှုများဖြစ်ပါကလည်း အချုပ်ထဲရှိ ချုပ်ထားခံရသူများကို စစ်သားများက ထုတ်ရိုက် တတ်သေးသည်။

“အပြင်မှာ ပေါက်ကွဲမှုတွေ၊ ပစ်ခတ်မှုတွေ မဖြစ်ဖို့လည်း ဆုတောင်းရတယ်။ အပြင်မှာ တခုခုဖြစ်ရင် တပ်က ကောင်တွေက ကျွန်တော်တို့ကိုပဲ ထုတ်ရိုက်တာ။ ” ဟု အချုပ်ခန်း၌ ဖမ်းဆီးရိုက်နှက်ခံခဲ့ရသူ ပြည်မြို့ခံတစ်ဦးက ပြောသည်။

၉၅၉ ဗဟိုကင်းတွင် ချုပ်နှောင်ထားသူများအား စစ်ကြောရန် အရာရှိတစ်ဦးမှ ဦးဆောင်ကာ လာခေါ်သည့် အချိန်မှာ ည ၈ နာရီခွဲမှ ည ၁၀ နာရီခွဲကြားအချိန် ဖြစ်သည်။ ၎င်းတို့စီးလာသည့်ကား ရောက်သည်နှင့် ဗဟိုကင်းတွင် ကင်းကျနေသည့်စစ်သားက မတ်တပ်ရပ်ကာ အလေးပြုသည်။ ထိုအချိန်တွင် လာရောက်ခေါ် ဆောင်ကာ ည ၁ နာရီခန့်တွင် ပြန်ပို့တတ်သည်။ နေ့ခင်းဘက်တွင် တနေကုန်ချုပ်ထားပြီး ညဘက်တွင် အထက်ပါ အချိန်ဇယားအတိုင်း စစ်ကြောရေးသို့ ပုံမှန်ခေါ်ယူ နှိပ်စက် စစ်ဆေးမေးမြန်းခြင်းဖြစ်သည်။

 “ဗဟိုကင်းက အလေးပြုဆိုတဲ့အသံကြားရင် ကြက်သီးတွေ ထလာပြီး ဘယ်သူ့ အလှည့်ဖြစ်မလဲ တစ်ဦး မျက်နှာတစ်ဦးကြည့်ပြီး အားပေးနေရတာပေါ့။ ည ၁၀ နာရီကျော်လို့မှ ကိုယ်က ခေါ်ထုတ် မခံရ‌တော့ဘူးဆိုရင် အဲဒီနေ့အတွက် စိတ်ချရပြီ” ဟု အဆိုပါ အချုပ်တွင် ချုပ်နှောင် စစ်ဆေးခံရပြီးနောက် ထောင်ကျကာ ထောင်မှ ပြန်လွတ်လာသူတစ်ဦးက ဆိုသည်။

စစ်ကြောရေးတွင် အစစ်အဆေးခံရမည့်သူများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ အသိပေးသည့်အချက်က စစ်ကြောရေးလုပ်စဉ် ၎င်းတို့အနေဖြင့် ရိုက်နှက်စစ်ဆေးရာ၌ လက်လွန်ခွင့်ရှိသည့်အကြောင်း ဦးစွာအသိပေး သည်ဟု အဆိုပါစစ်ကြောရေးကို ဖြတ်သန်းဖူးသူတစ်ဦးက သူ့အတွေ့အကြုံကို ပြောပြသည်။

စစ်ကြောရေးတွင် ဖမ်းဆီးထိန်းသိမ်းထားသည့် လူငယ်တစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ထမင်းကျွေး ရာတွင် မျက်လုံးကို အဝတ်စည်းထားပြီး လက်ထိပ်နောက်ပြန်ခတ်ကာ ခုံပေါ်တင်ထားသည့် ထမင်းပန်းကန်ထဲက ထမင်းကို စားခိုင်းသည်။ မစားလျှင် ရိုက်သည်။

“လက်ထိပ်နောက်ပြန်ခတ်ထားတော့ ခွေးစားရသလိုစားရတယ်။ မျက်စိဖုံးထားလို့ မမြင်ရတဲ့အခါကျတော့ ထမင်းပန်းကန်က အောက်ပြုတ်ကျပြီး မှောက်သွားတယ်။ အဲဒါကို မှောက်လို့ ဆိုပြီး ဆဲဆိုရိုက်တယ်၊ ကန်တယ်။ အောက်ကဟာကို ထပ်စားခိုင်းတယ်။” ဟု အထက်ပါ မြင်ကွင်းကို ကိုယ်တိုင်မြင်တွေ့ခဲ့ရသည့် စစ်ကြောရေး ဖြတ်သန်းခဲ့ဖူးသူတစ်ဦးက ရှင်းပြသည်။

အကျဉ်းထောင်နှင့် ရဲစခန်းသို့ မပို့မခြင်း ဖမ်းဆီးထားသူများသည် စစ်ကြောရေးနှင့် ငရဲခန်းတွင် နေ့စဉ်နှင့်အမျှ အရိုက်ခံနေရခြင်းဖြစ်သည်ဟု ၉၅၉ တပ်ရင်း အချုပ်ခန်းအတွင်း နေခဲ့ရသော ဖမ်းဆီးခံ နိုင်ငံရေး အကျဉ်းသားများက ပြောသည်။

ဖမ်းဆီးခံရသူများမှာ စစ်ကြောရေးလုပ်သည့်အချိန်၌လည်း အရိုက်ခံရသလို ဗဟိုကင်း၌ ဖမ်းချုပ်ထားစဉ် တာဝန်ကျစစ်သားများ၏ ရိုက်နှက်ခြင်းကိုလည်း ခံရသည်။ အပြင်က ပြန်လာသည့် ကင်းလှည့် စစ်သား များကလည်း ရိုက်သည်။ ထို့အပြင် အရက်မူးလာသည့် စစ်သားကလည်း ဝင်ရိုက်တတ်သည်။

ငရဲခန်းသို့ ပို့ဆောင်ခံရသည့် ဖမ်းဆီးခံ အမျိုးသားတစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင် အယောက် ၃၀ ခန့်က တစ် ယောက်ပြီး တစ်ယောက် အပျင်းပြေသဘော တစ်ညလုံးရိုက်နှက်နှိပ်စက်ခဲ့၍ သေဆုံးခဲ့သူတစ်ဦးရှိသည်ဟု သေဆုံးမှုဖြစ်စဉ်ကို ကိုယ်တိုင်မြင်တွေ့ခဲ့ရသည့် ၉၅၉ တပ်မှ ထွက်ပြေးခဲ့သူ စစ်ကောင်စီတပ်သားတစ်ဦးက ပြောသည်။

တစ်ညလုံးရိုက်ခံထားရသည့် ဒဏ်များကြောင့် မနက်မိုးလင်းချိန် ကင်းလဲလာသည့် စစ်ကောင်စီတပ်သားထံ ရေတောင်းသောက်ပြီးနောက် အဆိုပါ ဖမ်းဆီးခံရသူမှာ သေဆုံးသွားခဲ့သည်။

အဆိုပါ ငရဲခန်းသည် စစ်ကြောရေးသဘောမျိုးမဟုတ်ဘဲ ဖမ်းဆီးခံဆန္ဒပြသူများကို ၉၅၉ တပ်မှ စစ်သားများက တမင်အပျော်သဘော၊ အပျင်းပြေသဘော ခေါ်ယူရိုက်နှက်သတ်ဖြတ်ခဲ့သည့် နေရာဖြစ်ပြီး သေဆုံးသူဦးရေ များလာသည့်အတွက် ၂၀၂၁ မေလနောက်ပိုင်းတွင် ယင်းသို့ပြုလုပ်ခြင်းကို ဒကစမှ တားမြစ်ပိတ်ပင်ခဲ့သည်ဟု သိရသည်။

၉၅၉ တပ်ရင်းမှ သားသတ်သမားများ

၉၅၉ တပ်ရင်းအချုပ်တွင် နှိပ်စက်မှု အကြမ်းတမ်းဆုံး သူများ၏ အမည်ကိုလည်း အဆိုပါအချုပ်၌ နေ ထိုင်ခဲ့ဖူးသူ ဖမ်းဆီးခံနိုင်ငံရေးအကျဉ်းသားတစ်ဦးက ပြန်ပြောပြသည်။

အဆိုပါတပ်တွင် ခေတ္တရာရပ်ကွက်သား၊ R ကြီးဟုခေါ်သည့် တပ်ခွဲ တပ်ကြပ်ကြီး၊ ခေတ္တရာရပ်ကွက်သား အရပ်ပုပု၊ ခက်ညှက်ညှက်စက်ပြင် တပ်ကြပ်ကြီးတဦး၊ အသားမည်းမည်း၊ ထောင်ထောင်မောင်းမောင်းနှင့် စာမရေးတတ်သူ တပ်ကြပ်ကြီး (ထိုစဉ်က တပ်ကြပ်) အောင်မြင့်စိုးတို့မှာ သတ်ဖြတ်မှုများတွင် အများဆုံး ပါဝင်ပတ်သက်သူများ ဖြစ်သည်။

“အဆိုးဆုံးက တပ်ကြပ်တဦးပဲ(အောင်မြင့်စိုး)။ သူ့ကိုယ်သူ စစ်ကြောရေးလုပ်တာလို့ကို သဘောထားပြီး ရိုက် တာ။ သူက ဗဟိုကင်းက ဒုကင်းမှူးလေ။ သူ ဗဟိုကင်းတာဝန်ကျတဲ့အချိန်မျိုး ရောက်လာတဲ့သူဆို အသေ ဆော်တာ။ ” ဟု လွတ်မြောက်လာသူတစ်ဦးက ပြန်ပြောပြသည်။

၂၀၂၁၊ နိုဝင်ဘာလအတွင်းက ဖမ်းဆီးလာခဲ့သည့် NLD လက်ထက် ရပ်/ကျေးအဖွဲ့ဝင်ဟောင်းတစ်ဦးအားလည်း အမှတ်-၃ ရဲစခန်းရှိ ခရိုင်အချုပ်ခန်းတွင် ချုပ်နှောင်ထားရာမှ ခံဝန်ထိုးပြန်လွှတ်ပေးရန် ၉၅၉ တပ်အချုပ်တွင် ခဏဝင်ချုပ်ထားသည်။ ပြန်လွှတ်မည့်သူဖြစ်ကြောင်း မှာကြားခဲ့သော်လည်း ခဏအကြာတွင် ဒု-ကင်းမှူး ဖြစ်သူ တပ်ကြပ် အောင်စိုးမြင့်က အချုပ်ခန်းထဲမှ ထုတ်ကာ ရိုက်နှက်နှိပ်စက်ခဲ့သည်။ တညလုံးနှိပ်စက်ပြီးနောက် နောက်တနေ့ မနက်မှသာ ဒကစက လာရောက်ခေါ်ထုတ် သွားခဲ့သည်။

ထို့အပြင် ဆီစုံကုန်းရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး  သတ်ဖြတ်မှု သံသယဖြင့် ဖမ်းဆီးခံရသူ ကျူရှင်ဆရာ တစ်ဦးကို တပ်ကြပ် အောင်မြင့်စိုးမှ တနေကုန်ရိုက်နှက်ခဲ့သည်ဟုလည်း အဆိုပါ ရိုက်နှက်မှုကို ကိုယ်တိုင် မြင်တွေ့ခဲ့ရသူတစ်ဦးက ပြောသည်။

ထိုစဉ်က ပြည်ဒကစရှိ ဒကစမှူး (ဒေသကွပ်ကဲမှုစစ်ဌာနချုပ်မှူး)မှာ ဗိုလ်မှူးချုပ် အောင်နိုင်ဦး ဖြစ်သည်။ ၉၅၉ တပ်၊ ရိပ်သာတွင် စစ်ကြောရေးလုပ်ဆောင်သည့်အချိန်တွင် ၎င်းမှာ  ပြည်-ဒကစတွင် မရှိဘဲ သင်တန်းသွားနေ သည်ဟု တပ်တွင်း အသိုင်းအဝိုင်းက ဆိုသည်။

၉၅၉ စစ်ကြောရေးအား ဒု-ဒကစမှူးဖြစ်သူ ဗိုလ်မှူးကြီးကောင်းမြတ် (၂၀၂၄၊ ဇွန်လအစောပိုင်းတွင် မောင်တော၌ AA ထံ လက်နက်ချသည်ဟု ၎င်းနှင့်နီးစပ်သည့် အသိုင်းအဝိုင်းမှ သိရှိရသည်)မှ ကွပ်ကဲသည်။ ကာနယ်ကြီး (Colonel) ဟု ခေါ်ကြသည့် ၎င်းသည် ယူနီဖောင်းမဝတ်ဘဲ အရပ်ဝတ်ကိုသာ ဝတ်သည်။ ဒီဂရီ အနည်းငယ်ပါ သော မျက်မှန်တလက်ကို တပ်ထားကာ အသားဖြူဖြူ၊ အရပ်အမောင်း ကောင်းကောင်းဖြစ်သည်။

သူ၏ လက်အောက်တွင် ဗိုလ်မှူးသန့်စင် (၂၀၂၂တွင် ပေါင်းတည်မြို့နယ်ရှိ တိုက်ပွဲတစ်ခုတွင် သေဆုံး)နှင့် ဗိုလ်မှူး ရန်နောင်စိုး ရှိသည်။ ဖမ်းဆီးရေးနှင့် စစ်ကြောရေးကို ဗိုလ်ကြီး ချမ်းမြေ့အောင်၊ ဗိုလ်ကြီးဇော်ထက်နှင့် အခြားဗိုလ်ကြီး နှစ်ဦးတို့မှ တာဝန်ယူ လုပ်ဆောင်သည်။ ဗိုလ်ကြီးချမ်းမြေ့အောင်သည် Inside အမျိုးအစား ခဲရောင် လိုင်စင်မဲ့ကားကို စီးနေသူဖြစ်ပြီး အသက် ၃၈ နှစ်ခန့်ရှိကာ မီးပူတိုက်ထားသော ရှပ်အင်္ကျီလက်ရှည်၊ ပုဆိုးတို့ဖြင့် သေသပ်စွာ နေတတ်သူလည်း ဖြစ်သည်။ ၎င်းသည် စစ်ကြောရေးကြမ်းတမ်းမှုကြောင့် နာမည်ကြီးသူ ဖြစ်သည်။

အဆိုပါ စစ်ကြောရေးတွင် ဒကစမှ တာဝန်ရှိသူများနည်းတူ လုပ်ပိုင်ခွင့်ရသူ အရပ်သား ၄ ဦးလည်းရှိသေးသည်။ တစ်ဦးမှာ ခေတ္တရာအဝေးပြေးကားဂိတ်အတွင်း အရက်ဆိုင်ဖွင့်လှစ်ထားသည့်  စစ်မှုထမ်းဟောင်းတစ်ဦး၏ သားဖြစ်ပြီး ၎င်းမှာ မှုခင်းသတင်းထောက်ဖြစ်သည်။ ၎င်းသည် ၂၀၂၂ ခုနှစ်တွင် ရောဂါဖြင့် သေဆုံးသွားခဲ့သည်။ ကျန် ၂ ဦးမှာ စစ်တပ်ထောက်ခံသူ အရပ်သားများဖြစ်သည်။

နောက်ဆုံးတစ်ယောက်မှာ စရဖမှ တပ်ကြပ်ကြီးအဆင့်ဖြင့် အငြိမ်းစားယူထားသူ ဆရာရခိုင်ကြီးဟု ဆိုသူဖြစ် သည်။

ထိုအထဲတွင် လုပ်ပိုင်ခွင့်ကြီးမားသူများမှာ စရဖဟောင်းရခိုင်ကြီးနှင့် စစ်တပ်ထောက်ခံသူ သူရိန်ဝင်း(ခ)ရာဇာတို့ ဖြစ်သည်။ ၎င်းတို့ နှစ်ဦးသည် အဆိုပါစစ်ကြောရေးတွင်အချိန်ပြည့်ရှိနေကာ ဖမ်းဆီးလာသူများအား ရိုက်နှက် စစ်ကြောနိုင်ခွင့် ရှိသည်။ ဖမ်းဆီးခံရသူများ လွတ်မြောက်ရေးအတွက်လည်း ၎င်းတို့နှစ်ဦးက ကူညီဆောင် ရွက်ပေးခြင်း ပြုလုပ်ပေးနိုင်သလို နှစ်ရှည်ထောင်ဒဏ်ကျခံရအောင်လည်း လုပ်ကိုင်နိုင်စွမ်းရှိသည်။

၉၅၉ တပ်အချုပ်၌ ဖမ်းဆီးခံရသူများအနေဖြင့် လွတ်မြောက်လိုပါက ကာယကံရှင်မိသားစုမှ ငွေကြေးပေးလျှင် လွတ်မြောက်နိုင်ကြောင်းကို သူရိန်ဝင်း(ခေါ်) ရာဇာက လိုက်လံညှိနှိုင်းကာ ငွေကြေးစုဆောင်းပေးသည့် အလုပ်ကို လည်း လုပ်ကိုင်ပေးသည်။ ဖမ်းဆီးခံမိသားစုများမှ ပေးအပ်ခဲ့သည့် ငွေကြေးကို သူရိန်ဝင်း(ခ) ရာဇာက ဖြတ်ယူ သုံးစွဲခြင်းများပြုလုပ်သည့်အတွက် ၎င်းကို ၅၀၅-က ပုဒ်မဖြင့် ပြည်-ဒကစက ထောင် ၂ နှစ်ချမှတ်ခဲ့သည်။

မြို့ပေါ် သတ်ဖြတ်မှု

အမှတ်-၉၅၉ လျှပ်စစ်နှင့် စက်မှုအင်ဂျင်နီယာ အလုပ်ရုံတပ်ခွဲ (၉၅၉ လျှပ်/စက်တပ်)သည် ပြည်မြို့အလယ်တွင် ရှိပြီး ဒေသခံအများစုရှိနေသော တပ်ဖြစ်သလို ဒေသခံများနှင့် ရင်းနှီးကျွမ်းဝင်နေသော စစ်တပ်လည်းဖြစ်သည်။

အဆိုပါတပ်၏ လုပ်ငန်းဆောင်တာမှာလည်း ကားပြင်ခြင်း၊ လက်နက်ပြင်ခြင်း၊ စစ်တပ်ပိုင်မီးနှင့် လျှပ်စစ် ပစ္စည်းများ ပြုပြင်ခြင်းနှင့် တွင်ခုံလုပ်ငန်းများသာ ဖြစ်သလို ရှေ့တန်းထွက်ရလျှင်လည်း စစ်ယာဉ်တန်း၊ ရိက္ခာယာဉ်တန်းများဖြင့် လိုက်ပါသွားရပြီး ယာဉ်တန်းများမှ ကားပျက်လျှင် ပြင်ဆင်ပေးရခြင်းသာ ဖြစ်သည်။

သို့သော် စစ်တပ်အာဏာသိမ်းပြီးနောက် ဆန္ဒပြပွဲများ ပစ်ခတ်ဖြိုခွဲခြင်းနှင့် မြို့ပေါ် လုံခြုံရေးကိုလည်း ၉၅၉ တပ် ရင်းက တာဝန်ယူသည်။ ဒါ့အပြင် ဖမ်းဆီးထားသူများကို စစ်ကြောရေးလုပ်သည့် တာဝန်များကို လုပ်ဆောင် ခဲ့သည်။

ပြည်မြို့ရှိ စစ်အာဏာသိမ်းဆန္ဒပြပွဲများအား အဆိုပါတပ်မှပင် ပစ်ခတ်ဖြိုခွဲခဲ့သလို မြို့လုံခြုံရေးကိုလည်း အဆိုပါတပ်မှပင် ရယူထားသည်။

ထို့အပြင် ပြည်မြို့ တဖက်ကမ်း၊ ပန်းတောင်းမြို့နယ်၊ ဆင်တဲရွာမှ အမှတ်-၃ ကာကွယ်ရေး ပစ္စည်းထုတ် စက်ရုံ(ကပစ-၃)မှ စစ်သားအချို့လည်း မြို့လုံခြုံရေးအား ယူပေးကြသည်။ အများအားဖြင့် ကပစ-၃ မှ စစ်သားများမှာ ပြည်-မန္တလေးလမ်း၊ ပြည်မြို့အဝင်ရှိ အမှတ်-၃ ရဲစခန်းလုံခြုံရေးဂိတ်၊ ပြည်မြို့-နဝဒေး သကြားစက်လမ်းပေါ်ရှိ ဖိုးခေါင်ချောင်း တံတားဂိတ်၊ ရန်ကုန်-ပြည်လမ်း၊ ပြည်မြို့အဝင် ဆင်မကြပ်ဂိတ်တို့၌ တာဝန်ချထားပြီး ၉၅၉ တပ်ကို မြို့တွင်း လုံခြုံရေးချထားခြင်းဖြစ်သည်။

ပြည်မြို့ရှိ ၉၅၉ တပ်နှင့်စစ်ကြောရေးလုပ်ရာ မြို့တော်ခန်းမ၊အမှတ်-၃ရဲစခန်း၊ဖိုးခေါင်တံတာ စစ်ဆေးရေးဂိတ်တို့အား Google Map မှ မြင်တွေ့ရစဉ်။

ထို့အတူ မေလအတွင်း၊ ညတညတွင် ခေတ္တရာရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံးအနီး၌ လူတဦးအား ပစ်သတ်ခဲ့ သည်မှာလည်း အဆိုပါ ၉၅၉ တပ်မှ ဖြစ်သည်။

“ကျွန်တော်က ရပ်ကွက်ရုံး လုံခြုံရေးကျတာ။ အဲဒီလူကိုတွေ့တော့ G-3( BA-63) နဲ့ ဆွဲလိုက်တာ။ တချက်ပဲ။ သေသွားတယ်။ အဲဒီအလောင်းကို ကျွန်တော်ကိုယ်တိုင်ပဲ ကျင်းတူးမြေမြှပ်လိုက်ရတာ။” ဟု ပစ်ခတ်ခဲ့သူ အသက် ၁၉ နှစ်ခန့်ရှိ စစ်သားတစ်ဦးမှ ပြောသည်။

၎င်းသည် တပ်တွင်း၌ ပြစ်မှုတစ်ခုကျူးလွန်ခဲ့သည့်အတွက် ဗဟိုကင်းအချုပ်တွင် ဖမ်းဆီးခံထားရစဉ်  အထက်ပါဖြစ်စဉ်ကို ပြောပြခဲ့ခြင်းဖြစ်သည်။

ထိုအချိန်သည် ပြည်မြို့၌ ညမထွက်ရအမိန့်ထုတ်ထားပြီး လမ်းပေါ်တွေ့သည်လူမှန်သမျှ ပစ်ခတ်ခွင့် ပေးထား သည်ဟုလည်း ၎င်းမှ ပြောသည်။

ထို့အပြင် ပြည်မြို့တွင် ဆန္ဒပြသူများအား ပစ်ခတ်ဖြိုခွဲမှုများကို ၉၅၉ တပ်မှပင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး မတ်လ ပထမပတ်၌ ပထမဆုံး ကျည်အစစ်ဖြင့် ပစ်ခတ်မှုတွင် ၃ ဦး သေဆုံးခဲ့သည်။ အဆိုပါ ပစ်ခတ်မှုတွင် လူငယ် တစ်ဦးမှာလည်း မေးရိုးပြုတ်ထွက်သွားခဲ့ရသည်။  

ထို့အပြင် ခေတ္တရာရပ်ကွက်အတွင်း ဆန္ဒပြမှုတွင်လည်း ၂ လမ်း၊ ၂ ကွက်(၂/၂လမ်းဟု သုံနှုန်းသည်)ရှိ အသက် ၆၀ ကျော်အရွယ် အဘွားအို ၂ ဦးအိမ်သို့ တံခါးရိုက်ချိုးဝင်ရောက်ကာ ဘုရားအတွက် အလှူခံထားသည့် ပိုက်ဆံများ ယူသွားခဲ့သည့် တပ်ရင်းမှာလည်း ၉၅၉ တပ်ရင်းပင်ဖြစ်သည်။

ယင်းကဲ့သို့သော် အကြမ်းဖက်မှု၊ ဖြိုခွဲဖမ်းဆီးမှုများပြုလုပ်သည်ဆိုပါက ၉၅၉ တပ်ရင်းမှ စစ်သားများက ၎င်းတို့၏ လက်မောင်းတံဆိပ်ကို တခြားသောတိုင်းဘက်တံဆိပ်များဖြင့် ဖုံးကွယ်ထားသော်လည်း ၉၅၉ တပ်တွင် တာဝန်ထမ်းဆောင်နေသည့် စစ်သားများဖြစ်ကြောင်း မြို့ခံများက အလွယ်တကူသိရှိကြသည်။

၉၅၉ အချုပ်တွင် ဖြတ်သန်းခဲ့ရသူများအနေဖြင့် နောက်ဆုံး ပြန်လည်ဆုံတွေ့ကြသည့်နေရာမှာ ပြည်အကျဉ်းထောင်ပင် ဖြစ်သည်။ သို့သော် ၉၅၉ တွင် ချုပ်နှောင်ပြီး ညအိပ်ဆောင် စစ်ကြောရေးတွင် ပြင်းပြင်းထန်ထန် စစ်ကြောခံရသူ တချို့ကတော့ ပြည်ထောင်ထဲသို့ ရောက်မလာသကဲ့သို့ အိမ်ကိုလည်း ပြန်မလာနိုင်ခဲ့ကြပါ။

စစ်တပ်အာဏာသိမ်းခဲ့သည့်အချိန်ကစပြီး ယနေ့အထိ စစ်တပ်၏ မတရားဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း သုံးသောင်းနီးပါး (၂၉,၆၁၃ ဦး) ကျော်ရှိပြီး ၎င်းတို့အနက် နှစ်သောင်းကျော် (၂၂,၃၅၂ ဦး)မှာ ထိန်းသိမ်းခံနေရဆဲဖြစ်သည်ဟု နိုင်ငံရေး အကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP က စက်တင်ဘာ ၁ ရက်က ထုတ်ပြန်သည်။

စစ်တပ်နှင့် ၎င်း၏နောက်လိုက်များ၏ လက်ချက်ဖြင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေးလှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာလည်း ခုနစ်ထောင်ကျော် (၇၁၆၉ ဦး) အထိရှိပြီး အတည်ပြုရန် လိုအပ်နေဆဲ သေဆုံးစာရင်းသည် ၃,၈၀၀ ခန့်ရှိသည်ဟု AAPP က ဆိုသည်။

၉၅၉ တပ်ရင်းသည် ပြည်မြို့ခံတပ်ဖြစ်သည်။ အဆိုပါ တပ်ရင်း၌ ပြည်မြို့ခံများလည်းရှိသည်။ သို့သော် စစ်တပ် က တိုင်းပြည်အာဏာသိမ်းသွားသည့်နောက်မှာတော့ ၉၅၉ တပ်ရင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မြို့ခံများ ၏ မျက်နှာ၊ ပြည်သူလူထု၏ မျက်နှာကို မထောက်ဘဲ စစ်တပ်၏ အလိုကျသာ အလွန်အကျူး လုပ်ခဲ့ကြောင်းကို ပြည်မြို့မှ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးက ယခုကဲ့သို့ မှတ်ချက်ပြုသည်။

“ ၉၅၉ မှာ  ထားတယ်ကြားတော့ ဆိုးဆိုးရွားရွား မဖြစ်လောက်ဘူးပဲ ထင်ကြတာ။ အခုဖြစ်စဉ်တွေကြားတော့မှ စစ်သားက ပြည်သူမဟုတ်ဘူးဆိုတဲ့ စကားကို လက်ခံမိတော့တယ်”

#၉၅၉  #ပြည် #နိုင်ကျဉ်း #စစ်တပ် #အချုပ် #AAPP

Leave a Comment

ကျွန်တော်တို့၏ မဏ္ဍိုင် သတင်းဌာနသို့ လုံခြုံစိတ်ချစွာ လှူဒါန်းနိုင်ပါသည်။