မဏ္ဍိုင် – အောက်တိုဘာ ၃၊၂၀၂၄။
တိုင်ဖွန်းမုန်တိုင်းရာဂိအရှိန်ကြောင့် မြန်မာနိုင်ငံမှာ လူဦးရေရာနဲ့ချီသေဆုံးခဲ့ပြီး လူသိန်းပေါင်းများစွာ ရေဘေးဒုက္ခသင့်ကာ ထိခိုက်ပျက်စီးမှုတွေများစွာဖြစ်ခဲ့ပါတယ်။
ဒီထဲမှာ ပဲခူးတိုင်းဒေသကြီးထဲက တောင်ငူမြို့လည်း ရေဘေးဒဏ်ကို အကြီးအကျယ်ခံခဲ့ရပါတယ်။ ရေဘေးသင့်တဲ့အထဲ စစ်ဘေးရှောင်စခန်းတွေလည်း ထိခိုက်ခဲ့ရပါတယ်။
တောင်ငူမြို့မှာရှိတဲ့ အင်းဝိုင်းစစ်ရှောင်စခန်းမှာ ခိုလှုံနေတာ သုံးနှစ်နီးပါးရှိပြီဖြစ်တဲ့ အသက် ၅၃ နှစ်အရွယ် ဒေါ်တူးတူးတို့ မိသားစုလည်း ရေကြီးဒဏ်ကို ခံခဲ့ရပါတယ်။ မိုးကြီးပြီး ရုတ်တရက် ရေတက်လာတဲ့အခါ သူတို့မိသားစုဟာ အိမ်ထဲမှာ အိပ်နေစဉ်မှာပဲ ရေစီးနဲ့ မျောပါသွားခဲ့တယ်။
ကံကောင်းထောက်မစွာနဲ့ အိမ်တစ်ခုရဲ့ခေါင်မိုးပေါ်မှာ နှစ်ညနဲ့ သုံးရက်တိုင် အစာရေစာမရှိဘဲ သူတို့မိသားစုနဲ့အတူ လူ ၃၀ ခန့် ကျော်ဖြတ်ခဲ့ကြပါတယ်။ သူတို့ အိမ်ခေါင်းမိုးပေါ် ဘယ်လိုရောက်သွားကြသလဲ၊ ရေစီးထဲမှာ သူတို့ဘာတွေမြင်ခဲ့ကြသလဲ၊ နှစ်ညနဲ့ သုံးရက်ကို ဘယ်လိုကျော်ဖြတ်ခဲ့ကြသလဲဆိုတာကို ဒေါ်တူးတူးက အခုလိုပဲ ပြန်ပြောပြခဲ့ပါတယ်။
ရေကြီးလာတဲ့နေ့
ဒေါ်တူးတူးတို့ စစ်ရှောင်စခန်းရှိတဲ့ အင်း၀ိုင်းကျေးရွာဟာ ပဲခူးတိုင်း၊ တောင်ငူမြို့နယ်၊ စစ်တောင်းမြစ်အရှေ့ဘက်ကမ်းမှာ ရှိတာပါ။ အင်းဝိုင်းစစ်ရှောင်စခန်းမှာ ခိုလှုံနေတာ သုံးနှစ်နီးပါးရှိပြီဖြစ်တဲ့ ဒေါ်တူးတူတို့မိသားစုဟာ ဒေသခံအိမ်ထောင်စု ၆ ခုက လူဦးရေ ၅၀ ကျော်နဲ့အတူ နေကြရတာဖြစ်+ပါတယ်။
စက်တင်ဘာ ၁၂ ရက်က မြစ်ရေတက်မယ်လို့ ကြေညာထားပေမယ့် ဒေသခံတွေက ရေတက်တာဟာ ပုံမှန်လိုဖြစ်နေလို့ ရွှေ့ ပြောင်းရတဲ့အထိ မဖြစ်ခဲ့တာကြောင့် ဒေါ်တူးတူးတို့မိသားစုလည်း ပြင်ဆင်မထားဘဲ စိတ်ချလက်ချ အိပ်နေခဲ့ပါတယ်။
သန်းခေါင်ယံ ည ၁ နာရီလောက်မှာတော့ လေရော မိုးပါအပြင်းအထန်ရွာလာပါတယ်။ ဒေါ်တူးတူးကတော့ ပုံမှန်လို့ထင်ပြီး ထ မကြည့်ခဲ့ပါဘူး။ ဒါပေမဲ့ ခဏလေးအိပ်ပျော်သွားတဲ့အချိန်မှာ တဝေါဝေါဆိုတဲ့ ရေသံလိုလို မိုးသံလိုလို အသံတွေကြောင့် အိပ်ယာကနေ လန့်နိုးလာပါတော့တယ်။
သူနိုးလာတော့ ရေက ခြေတံရှည်အိမ်ရဲ့ ကြမ်းပြင်ထိ ရောက်နေပါပြီ။ အဲ့ဒီအချိန်မှာ သားဖြစ်သူက ရုတ်တရက်ထအော် လိုက်ပါတယ်။ “အမေ့ရေလုံးကြီးကျလာပြီ ” လို့ အော်ဟစ်ပြီး သူတို့မိသားစုလေးယောက်ဟာ ထိတ်လန့်တကြားနဲ့ အိပ်ယာခင်းစကို ဆွဲကိုင်ကာ ရေဒဏ်ကို အိပ်ယာခင်းစနဲ့ ကာခဲ့ကြပါသေးတယ်။
ဒါပေမဲ့ ရုတ်တရက်ဆိုသလိုပဲ နောက်ထပ် ရေလုံးကြီးတစ်လုံး ဝေါကနဲ အိမ်ထဲတိုးဝင်လာတာကြောင့် ဒေါ်တူးတူးတို့မိသားစု တွေဟာ ဘာမှမတတ်နိုင်တော့ဘဲ ရေထဲမျောပါခဲ့ရပါတော့တယ်။ သူတို့မိသားစုလေးယောက်လုံး ရေစီးသန်နေတဲ့ ရေ အောက်ထဲရောက်သွားပြီး ရေအောက်မှာ မိသားစုတွေအချင်းချင်း လွတ်ထွက်မသွားဖို့နဲ့ အသက်ရှင်ဖို့ကို ကြောက်လန့် တကြား ရုန်းကန်ရပါတော့တယ်။
“ကျမတို့တွေ ရေလုံးနဲ့ပါသွားတော့ ရေတွေမွန်းပြီး အသက်ရှုတွေကျပ်ပေါ့။ ကျမသေပြီထင်တာ။”
ကံကောင်းစွာနဲ့ပဲ သူတို့ဟာ အိမ်နဲ့ မနီးမဝေးက သစ်ပင်ကိုင်းမှာ ငြိကျန်ခဲ့ပါတယ်။ သူတို့အိမ်လေးကတော့ ရေလှိုင်း အောက်မှာ ပြိုကျပျက်စီးသွားပါပြီ။ ဒေါ်တူးတူးခင်ပွန်းဆိုရင် သစ်တုံးနဲ့တိုက်မိပြီး ခေါင်းကွဲသွားသလို ချွေးမဖြစ်သူလည်း ဘာနဲ့ရိုက်မိမှန်းမသိဘဲ ပုခုံးမှာ ဖူးရောင်ဒဏ်ရာရခဲ့ပါတယ်။
“ကျမတို့တွေ ရေလုံးနဲ့ပါသွားတော့ ရေတွေမွန်းပြီး အသက်ရှုတွေကျပ်ပေါ့။ ကျမသေပြီထင်တာ။” လို့ ဒေါ်တူးတူးက ပြောပါတယ်။
သစ်ကိုင်းမှာငြိနေတုန်း သူတို့ကိုယ်သူတို့ ပြန်သတိထားမိကြပါတယ်။ ရေအရှိန်ကြောင့် ဘောင်းဘီဝတ်ထားတဲ့သူတွေက ဘာမှမဖြစ်ပေမယ့် ထဘီဝတ်ထားတဲ့ဒေါ်တူးတူးကတော့ အောက်ပိုင်းဗလာဖြစ်သွားလို့ သားဖြစ်သူက ချွတ်ပေးတဲ့ အပေါ် ဝတ် အကျီကို ဝတ်လိုက်ပါတယ်။
နောက်ထပ် ရေလုံးကြီးတွေထပ်လာရင် မျောသွားစိုးတာကြောင့်လည်း အန္တရာယ်လွတ်နိုင်မယ့်နေရာ တွေ့လိုတွေ့ငြား ရှာဖွေ ကြည့်ပါတယ်။ အဲဒီမှာ သူတို့နဲ့ မလှမ်းမကမ်းမှာ အိမ်ကြီးတစ်လုံးရဲ့ခေါင်မိုးကို တွေ့လိုက်ရ ပါတယ်။ အဲဒီအမိုးပေါ်မှာလည်း လူအတော်များများရှိနေကြပါတယ်။

ခေါင်းမိုးပေါ်က လူတွေကလည်း သူတို့ဘက်ကူးလာဖို့ ခြေဟန်လက်ဟန်နဲ့ ပြတာကြောင့် သူတို့လည်း အားတက်သွားခဲ့ပါ တယ်။ ဒါပေမဲ့ ရေစီးသန်လွန်းတာကြောင့် သူတို့လည်း မသွားနိုင်သလို တစ်ဖက်က လူတွေလည်း ကူးမလာနိုင်ကြပါဘူး။
သူတို့တွေဟာ ငြိနေတဲ့ ဒီသစ်ပင်ဆုံဂွကြားမှာပဲ ခန္ဓာကိုယ်တစ်ဝက်က ရေထဲ တစ်ဝက်က အပင်ကိုကပ်ကာနေနေ ခဲ့ပါတယ်။ နေရင်း ရေနဲ့မျောလာတဲ့အထဲ ဖော့ဗူးတွေ၊ ရေသန့်ဗူးတွေပါလာဖို့လည်း ဆုတောင်းရတယ်လို့ ဒေါ်တူးတူးက ပြောပါတယ်။
ဒေါ်တူးတူးတို့မိသားစုဟာ အဲဒီလိုအခြေအနေနဲ့ မိုးလင်းသွားခဲ့ပါတယ်။
ရေစီးသန်နေဆဲ ခေါင်မိုးပေါ်က ပထမနေ့
သစ်ပင်ပေါ်မှာ နောက်ထပ်ရေလုံးထပ်မလာဖို့ ဆုတောင်းရင်း တဖြည်းဖြည်းနဲ့ မိုးလင်းလာတယ်ဆိုပေမယ့် နေရောင်ကတော့ ပွင့်မလာဘဲ မိုးက အုံမှိုင်းညို့မှောင်နေဆဲပါ။ မိုးကလည်း ဝုန်းဝုန်းရွာချလိုက်၊ တော်ကြာ ခဏစဲသွားလိုက်နဲ့ပါ။
“ညက ရေလွတ်ဖို့ ကြိုးစားနေရတာနဲ့ မိုးလင်းတာတောင် သတိမထားမိတော့ဘူး။ မနက်ရောက်တော့ ဆာလည်းဆာ၊ ရေ လည်း ငတ်လာတယ်။ ဒါပေမဲ့ စိတ်က ခေါင်မိုးပေါ်ရောက်ချင်နေတာဆိုတော့ ဆာတာမေ့သွားပြန်ရော။” လို့ ဒေါ်တူးတူးက ပြောပါတယ်။
အိမ်အမိုးပေါ်က အမျိုးသားတွေက ဒေါ်တူးတူးတို့ကို ကယ်ဖို့ ကြိုးစားနေတာကို ဒီဘက်ကနေ အတိုင်းသားမြင်ရလို့ သူတို့မှာ အားတက်ခဲ့ရပါတယ်။ ခဏနေတော့ ကြိုးတစ်ဖက်ကို ရေအောက်က အိမ်တိုင်မှာချည်ပြီး ကျန်တစ်ဖက်ကိုတော့ သန်မာတဲ့ အမျိုးသား တစ်ယောက်ရဲ့ ကိုယ့်ကိုပတ်ချည်ပြီး သူတို့ဘက်ကို လမ်းတဖြည်းဖြည်းလျှောက်ကာ ကူးလာပါတယ်။
ဒါပေမဲ့ ရေစီးသန်လွန်းတာကြောင့် ဒီအမျိုးသားဟာ ပထမပိုင်းမှာ ခြေလှမ်း ၁၀ လှမ်းထက် ပိုကူးမလာနိုင်ပါဘူး။ ဒီထဲ မိုးလေ ကျမယ့် အရိပ်အယောင်ဖြစ်လာရင် ခဏနားလိုက်။ မိုးလေကင်းသွားပြန်ရင် တစ်ခါပြန်ကြိုးစားလိုက်နဲ့ နေ့လယ်လောက် ထိ ရောက်သွားခဲ့တယ်။
အကြိမ်ကြိမ်ကြိုးစားပေမယ့် ကူးမရတာကြောင့် နောက်ဆုံးအခေါက်မှာ အမျိုးသားတွေအားလုံး ခါးမှာကြိုးတွေပူးတွဲချည် ပြီး ရေထဲဆင်းကာ လမ်းဆင့်ကမ်းသဘောနဲ့ ကယ်ဖို့လုပ်ပါတယ်။ ဒါပေမဲ့ ဒေါ်တူးတူးတို့နားရောက်ဖို့ ကြိုးအနည်းငယ်လိုနေ ပါတယ်။
“ရေက တက်လာလေလေ ကြောက်စိတ်များလာလေပဲ။ စားဖို့ရှာဖို့ထက် မိုးလေလာမှာ ကြောက်နေလန့်နေရတာ။ ပြီးတော့ အဲဒီတဝေါဝေါနဲ့ ကျတဲ့ရေသံက တော်တော်စိတ်ညစ်ရတယ်။”
အဲဒီအချိန် သူတို့ရေလုံးနဲ့ပါလာစဉ်က ယူလာတဲ့အိပ်ယာခင်းစရယ်၊ သားနဲ့ယောကျာ်းဖြစ်သူက ရေထဲဆင်းလက်ဆင့်ကမ်းဖို့ လုပ်တာကြောင့် ဟိုဘက် ဒီဘက်ချိတ်ဆက်မိသွားပါတယ်။
ရေစီးသန်နေတဲ့ရေကို ဖြတ်တဲ့အခါမှာလည်း သူတို့တစ်အုပ်လုံး ရေစီးနဲ့အတူမျောသွားတဲ့အခါတိုင်း “ကြောက်ပြီး မရုန်းကြနဲ့။ ရေစီးနဲ့မျောနေရင် အလိုက်သင့်လေးနေပြီး ကိုယ်ဖော့ထား။” လို့ သတိပေးရင်းနဲ့ ဖြတ်ကူးရတာပါ။
“ဖြတ်လာတဲ့တလျှောက်လုံးပဲ ကျမကတော့ ဘုရားစာတွေလည်းရွတ် မဏိမေခလာနတ်သမီးရောတိုင်တည်တာ။ အမှား တွေရှိရင် ခွင့်လွှတ်ပါ။ သားသမီးတွေကို စောင့်ရှောက်ပါပေါ့။” လို့ သူက ထိတ်လန့်ခဲ့ရပုံကို ပြန်ပြောပြပါတယ်။
သူတို့သွားတဲ့အကွာအဝေးဟာ ပုံမှန်သွားရင်တောင် ဆယ်ငါးမိနစ်လောက်သာ ကြာနိုင်ပေမယ့် ရေစီးသန်နေတာကြောင့် နာရီနဲ့ကြာအောင် ဖြတ်ကူးခဲ့ရပါတယ်။
ဖြတ်ကူးစဉ်တလျှောက်လုံး ကြောက်ရွံ့တာကြောင့် ဒေါ်တူးတူးဟာ အသက်တောင်ပြင်းပြင်းမရှုရဲခဲ့သလို အမိုးပေါ်ရောက် တော့လည်း မတ်တပ်တောင်မရပ်နိုင်အောင် အားကုန်လဲပြိုခဲ့ရတယ်။
“စိတ်ရော လူရော ပင်ပန်းလာတော့ အမိုးပေါ်ရောက်တာနဲ့ အိပ်ပျော်သွားတယ်။” လို့ သူက ဆိုတယ်။
အဲဒီအိမ်ခေါင်မိုးပေါ်မှာ ဒေါ်တူးတူး တို့မိသားစုအပါအဝင် လူ ၃၀ နီးပါးလောက်သောင်တင်နေခဲ့ကြပါတယ်။ သူတို့တွေထဲမှာ လူလတ်ပိုင်းအရွယ် အမျိုးသားတွေများပြီး အငယ်ဆုံးကလေးကတော့ ၆ နှစ်အရွယ်ရှိပါတယ်။ မွေးဖွားရက်နီးနေတဲ့ ကိုယ်ဝန် ဆောင် အမျိုးသမီးတစ်ယောက်လည်း သူတို့ထဲမှာပါပါတယ်။
“ကလေးမလေးက သတ္တိကောင်းတယ်။ မိုးရေထဲ တချက်မှ မျက်နှာမပျက်ဘဲ ကြံ့ကြံ့ခံတာ။ သားသမီးဇောဆိုတော့နော်။” လို့ သူက ကိုယ်ဝန်ဆောင်အမျိုးသမီးရဲ့ စိတ်ဓါတ်ကြံ့ခိုင်ပုံကို ပြောပြတယ်။
အစပိုင်းမှာ ခေါင်းမိုးပေါ် ကိုယ့်အစုနဲ့ ကိုယ်နေကြပေမယ့် မြစ်ရေက မြင့်တက်တာမြန်လာနဲ့အမျှ နေရာက တဖြည်းဖြည်း ကျဉ်းလာပါတယ်။ လူတွေကလည်း ရေလွတ်တဲ့နေရာလေးမှာ အစုလေးတစ်စုလို ပူးကပ်သွားပါတယ်။
“ရေက တက်လာလေလေ ကြောက်စိတ်များလာလေပဲ။ စားဖို့ရှာဖို့ထက် မိုးလေလာမှာ ကြောက်နေလန့်နေရတာ။ ပြီးတော့ အဲဒီတဝေါဝေါနဲ့ ကျတဲ့ရေသံက တော်တော်စိတ်ညစ်ရတယ်။” လို့ ဒေါ်တူးတူးက ရှင်းပြပါတယ်။
ဒီထဲမှာ ဒေါ်တူးတူးသတိထားမိတာတစ်ခုရှိပါတယ်။ အဲ့ဒါကတော့ ဒီမှာခိုနားနေသူတွေဟာ ရေလုံးမိပြီး ရေကြီးတာကို ဖြတ် ကျော်ခဲ့ဟန်မတူပါဘူး။
ကိုယ်ဝန်ဆောင်အမျိုးသမီးပြောတာက သူတို့အားလုံးက စခန်းမတူတဲ့ စစ်ရှောင်တွေဖြစ်တယ်။ ရေကြီးမယ်ကြားတော့ ကုန်း မြင့်ပိုင်းက အိမ်တွေကို ခွင့်တောင်းပြီး နေနေတာ ရေမကြီးခင်တစ်ရက်ထဲကလို့ဆိုပါတယ်။
“ သူတို့က ရေတက်လာတာနဲ့ ဒီအိမ်ကိုပြေးလာတာပေါ့။ ရေလုံးဆင်းလာတဲ့အချိန်မှာ သူတို့က အိမ်မျက်နှာကျက်ထဲ ဝင်နေ တာတဲ့။ ဒါကြောင့်ရေမထိတာပေါ့။ မဟုတ်ရင် အကုန်မျောပြီး လူကွဲကုန်မှာလေ။” လို့ ဒေါ်တူးတူးက ရှင်းပြပါတယ်။
သူတို့တွေဟာ မိုးတွေသည်း၊ လေတွေတိုက်လာပြီဆိုရင် ကလေးတွေနဲ့အမျိုးသမီးတွေက အလယ်မှာစုပြီး အမျိုးသားတွေက ဘေးပတ်လည်ကာရံပြီး မုန့်တိုင်းဒဏ်ကို အံတုရတာဖြစ်ပါတယ်။ မိုးလေကင်းရင်တော့ အားလုံးသက်သက်သာသာနဲ့ နေလို့ရ ပါတယ်။

ဒီထဲ ကလေးတွေဆာလို့ ငိုရင် မိဘတွေက ရေထဲမျောလာတာတွေ လိုက်ကြည့်ပေါ့။ ဖော့ပုံးလေးတွေ ရေအိုးတွေ ထမင်းအိုး တွေမျှောလာရင် စားစရာများရမလားလို့ မှီသလောက်လိုက်ဆွဲရတာလည်းအမော။ ဒါပေမဲ့ ဒီလိုအခြေအနေမှာတော့ ထမင်း ထုတ်မျှောလာဖို့ဆိုတာ အိပ်မက်ပါပဲ။ အဲ့တော့ ကလေးတွေ ဆာလို့ငိုရင် ချော့မော့ပြီး အိပ်ခိုင်းရုံသာ တတ်နိုင်ခဲ့ပါတယ်။
“အစပိုင်းက ဆာတာသိပ်မသိသာဘူး။ ရေလည်းလုံးဝမသောက်ရတော့၊ ညနေလောက်တော့ မနေနိုင်တော့ဘူး။ အာတွေ အရမ်းခြောက်လာတယ်။ မနေနိုင်လို့ မြစ်ရေသောက်ကြည့်တော့ ငန်ငန်ကြီး။ ယောကျာ်းက ဝမ်းလျောမယ်မသောက်နဲ့တဲ့။ သားကတော့ ဒီထဲလူတွေက မစင်စွန့်တာတဲ့။” လို့ သူက ပြောပါတယ်။
သူ့သားပြောလည်း ပြောစရာပါ။ သူတို့အားလုံးလည်း အလေးအပေါ့သွားချင်ရင် ရေစပ်စပ်လေးရှိတဲ့နေရာမှာ သွားရပါ တယ်။ တစ်ယောက်သွားရင် ကျန်တဲ့လူတွေကတော့ ကျောပေးထားရတယ်။ ရေဆေးတော့လည်း ဒီရေနဲ့ပဲ။ ဆီးသွားတော့ လည်း ဒီရေထဲသွားရတာဖြစ်တယ်။ သူတို့ အိမ်ခေါင်းမိုးပေါ်နေရချိန် အဆင်ပြေသလို အလေးအပေါ့သွားနေရတာပါ။
ဒီထဲ ကယ်ဆယ်ရေးတွေလာမလားလို့ မျှော်ရလွန်းလို့လည်း ထင်ယောင်ထင်မှားတောင်ဖြစ်လို့။
“ မိုးလေသံနဲ့ဆိုတော့ စက် လှေသံလိုလို ထင်တာပေါ့။ စက်လှေသံထင်တယ်။ နားထောင်ကြည့်။ နောက်တော့မဟုတ်ဘူးဆိုပြီး ရီကြတာပေါ့။ ဘာသံ ကြားကြား အဲ့ဒီအချိန်က စက်လှေသံပဲထင်တာ။” လို့ ဒေါ်တူးတူးက ပြောပါတယ်။
ညနေပိုင်းမှာတော့ မိုးရောလေပါ ပြင်းထန်လာတာကြောင့် သူတို့လည်း ဆာချိန်မရတော့ပါဘူး။ မိုးလေကြားထဲ လူတွေပါ မသွားဖို့ တစ်ယောက်နဲ့ တစ်ယောက်လက်ချင်းချိတ်နေကြရပါတယ်။
အဲလိုချိတ်နေရင်း သူတို့ခေါင်မိုးရှေ့မှာ ရေစီးအတိုင်းပါသွားတဲ့ အမျိုးသမီးတွေ၊ ကလေးတွေ၊ အမျိုးသားတွေအပြင် အနှီး လေးပတ်ထားတဲ့ ကလေးအလောင်းတစ်ခု မျောလာလာတာလည်း သူတို့တွေ့လိုက်ပါတယ်။
“တချို့အလောင်းတွေဆို အမှိုက်တွေနဲ့လုံးပြီး ပါသွားတာတွေ့တယ်။ နောက်တိရိစ္ဆာန်တွေပါ မျောလာတာ။ တချို့ကတော့ မသေသေးဘူး။ ဒါပေမဲ့ ကယ်လို့လည်းမရဘူး။ ရေစီးနဲ့ မျောသွားတာဆိုတော့လေ။ လူကြီးတွေတောင် အဲ့ဒါ မြင်ရင် စိတ်ထိခိုက်ရတာ။ ကလေးတွေဆို ပိုဆိုးမှာပေါ့။”
ဒေါ်တူးတူးက “တချို့အလောင်းတွေဆို အမှိုက်တွေနဲ့လုံးပြီး ပါသွားတာတွေ့တယ်။ နောက်တိရိစ္ဆာန်တွေပါ မျောလာတာ။ တချို့ကတော့ မသေသေးဘူး။ ဒါပေမဲ့ ကယ်လို့လည်းမရဘူး။ ရေစီးနဲ့ မျောသွားတာဆိုတော့လေ။ လူကြီးတွေတောင် အဲ့ဒါ မြင်ရင် စိတ်ထိခိုက်ရတာ။ ကလေးတွေဆို ပိုဆိုးမှာပေါ့။” လို့ သူက စိတ်မကောင်းစွာနဲ့ ဆိုပါတယ်။
မိုသည်းလို့ ရေတွေထပ်တတ်မှာ ကြောက်နေရသလို သည်းတဲ့မိုးက သူတို့အသက်ကိုလည်း ကယ်ပေးခဲ့တယ်လို့ ပြောရမှာ ဖြစ်ပါတယ်။ မိုးရေများများပါမှ သူတို့ရေသောက်လို့ရမှာဖြစ်တော့ နောက်ပိုင်းမှာ မိုးမရွာပါနဲ့လို့ ဆုမတောင်းရဲတော့ဘူးလို့ ဒေါ်တူးတူးက ပြောပါတယ်။
ဒါပေမဲ့ ဘယ်နေရာကြည့်ကြည့် ရေပတ်လည်၀ိုင်းနေတာကိုသာ မြင်နေရတာဟာ သူတို့စိတ်ကို ပိုလို့ခြောက်ခြားစေခဲ့ တာကတော့ အမှန်ပါ။ မှောင်လာလေ ကြောက်စိတ်တွေ ပိုလာလေဖြစ်လာရတာကြောင့် မိုးအမြန်လင်းဖို့သာ ဆုတောင်းနေခဲ့ တာဖြစ်ပါတယ်။
“ နေဝင်ပြီဆိုတာနဲ့ ကြောက်တဲ့အထဲမှာ ကယ်ဆယ်ရေးတွေ မလာတော့ဘူးလို့ စိတ်လျော့လိုက်တာလည်းပါတယ်။ နောက် တစ်ခုက ကိုယ်အိပ်လိုက်ရင် တခုခုဖြစ်သွားမှာ ကြောက်တာပေါ့။” လို့ ဒေါ်တူးတူးက ဆိုပါတယ်။
အလောင်းတွေမျောတာပိုများလာတဲ့ ဒုတိယနေ့
နောက်တစ်နေ့ မနက်ရောက်တော့ မိုးကတိတ်သွားပေမယ့် ရေစီးကတော့သန်နေဆဲဖြစ်တာကြောင့် ဒေါ်တူးတူး စိတ်ညစ် သွားပါတယ်။ အခုလိုအခြေအနေနဲ့ဆိုရင် ကယ်ဆယ်ရေးတွေလာနိုင်မှာမဟုတ်ဘူးလို့ သူကတွက်ဆမိတာကြောင့်ပါ။
မနက်လင်းတာနဲ့ လုပ်စရာအလုပ်မရှိ၊ စားစရာမရှိတဲ့အပြင် ရေတောင် မိုးရွာမှသောက်ရတဲ့ သူတို့အခြေအနေကို တွေးကာ ဒေါ်တူးတူး စိတ်ပူနေပါတယ်။
“ဘာမှလည်း မမြင်မတွေ့ရဘဲ ရေပတ်လည်ဝိုင်းနေတဲ့နေရာမှာ ငုတ်တုတ်နေရတဲ့စိတ်အခြေအနေက ဘယ်လိုမှမကောင်း နိုင်ဘူးလေ။ စိတ်ဓါတ်တွေကျတာပေါ့။ လာကယ်မှာ၊ မကယ်တော့ဘူးလားတွေးရင်း စိတ်ပူလာတယ်။” လို့ ဒေါ်တူးတူးက ပြောပါတယ်။

ဒါ့အပြင် ရေတွေစိုနေတဲ့အဝတ်တွေနဲ့ ဒီအတိုင်းနေနေရတာ တစ်ရက်ကျော်ရှိလာတော့ အာတွေလည်းခြောက်၊ လည်ချောင်း တွေလည်း နာလာကြပါတယ်။ ကလေးတွေဆိုရင် အကောင်ကိုက်တာလား။ ရေမသန့်တာကြောင့်လားပဲ ယားနာလို အနာဖု တွေဖြစ်လာပါတယ်။
ရေထဲ အချိန်အကြာကြီးနေရတာကြောင့် ကလေးတွေတင်မက လူကြီးတွေလည်း သွေးရောင်မရှိသလို ဖျော့တော့လာပြီး လူကလည်း အားမရှိသလို ပင်ပန်းနွမ်းနယ်နေကြပါပြီ။
တတိယနေ့မှာတော့ နေရောင်လေးမြင်ရတယ်ဆိုပေမယ့် ရေကတော့ သိသိသာသာကျမသွားသေးပါဘူး။ အဲ့မှာ နေပူတာရယ် စားစရာမရှိတာရယ်ကြောင့် အားလုံးက သွပ်မိုးပေါ်မှာ ပက်လက်လန်ကာ ကယ်သူလာပါစေ။ ထမင်းထုတ်လာဝေပါစေလို့ ဆုတောင်းနေကြရပါတယ်။
နေခေါင်းပေါ် မရောက်ခင်လောက်မှာတော့ မထင်မှတ်ပဲ မိုးက သည်းသည်းမဲမဲရွာလာတာကြောင့် လူကြီး၊ ကလေးအားလုံးက ခဏတော့ ပျော်သွားကြပါသေးတယ်။ တပြိုင်ထဲမှာ မိုးသားက မှောင်မဲလာတော့ သူတို့အပျော်တွေ ပြန်ပျောက်သွားပါတော့ တယ်။
“မိုးက ရိုးရိုးမရွာဘူး။ မိုးကြိုးတွေပစ်လို့ ကလေးတွေက အော်။ လူကြီးတချို့လည်း ကြောက်ကြတာပေါ့။” လို့ ပြောပါတယ်။
မိုးကြိုးပစ်တာနဲ့ တစ်ယောက်ကို တစ်ယောက်ဖက်ပြီး အားပေးတာ၊ ကလေးတွေ မကြောက်အောင် စကားပြောပေးတာတွေ လုပ်ကြရပါတယ်။ မိုးကရွာပေမယ့် ရေကတော့ များစွာမတက်လာတဲ့အတွက်တော့ သူတို့အနည်းငယ်စိတ်အေးခဲ့ရတယ်။
ဒါပေမဲ့ ရေစီးနေဆဲဖြစ်လို့ အလောင်းတွေမျှောလာတာ၊ တိရစ္ဆာန်အသေတွေမျှောလာတာ၊ ကလေးတွေလည်း သေတာတွေ တွေ့နေရပြီး လူတွေသေတာ မနည်းဘူးလို့ ဒေါ်တူးတူးက ဆိုပါတယ်။
တကြိမ်မှာတော့ သူတို့နေတဲ့နားကို ပုတ်ပွနေတဲ့အလောင်းတစ်ခုက ရေနဲ့မျှောလာတော့ ကလေးတွေနဲ့ ကိုယ်ဝန်သည်အမျိုး သမီးက ကြောက်လန့်ပြီး အန်တာမျိုးဖြစ်ပါသေးတယ်။
“ မိုးက ရွာ၊ အလောင်းကလည်း အနီးကပ်မြင်ထားတော့ ကလေးတွေတော်တော်လေးကြောက်နေကြတယ်။ ကျမလည်း ထုံးစံအတိုင်း မှောင်တာနဲ့ကြောက်တယ်။ ကယ်ဆယ်ရေးတွေအမြန်လာဖို့ ဆုတောင်းတယ်။ ဘုရားစာရွတ်တယ်။ ကလေးတွေလည်း မကြောက်အောင် အသံထွက်ရွတ်ရတယ်။”
အဲ့ဒီနေ့က ညပိုင်းထိမိုးက ရွာနေသေးတာကြောင့် ကလေး၊ လူကြီးတွေလည်း အိပ်မရပါဘူး။ ကလေးတချို့ကတော့ ဆာတာ ကြောင့် မိုးရေကို လက်နဲ့ခံသောက်ပါတယ်။
“ မိုးက ရွာ၊ အလောင်းကလည်း အနီးကပ်မြင်ထားတော့ ကလေးတွေတော်တော်လေးကြောက်နေကြတယ်။ ကျမလည်း ထုံးစံအတိုင်း မှောင်တာနဲ့ကြောက်တယ်။ ကယ်ဆယ်ရေးတွေအမြန်လာဖို့ ဆုတောင်းတယ်။ ဘုရားစာရွတ်တယ်။ ကလေးတွေလည်း မကြောက်အောင် အသံထွက်ရွတ်ရတယ်။” လို့ ဒေါ်တူးတူးက ပြောပါတယ်။
အဲဒီညမှာတော့ ကလေးတွေလည်း တော်တော်နဲ့ မအိပ်၊ လူကြီးတွေလည်း ပင်ပန်းနေကြတယ်။ လူတွေကလည်း အစာရေ စာပြတ်လပ်တာ နှစ်ညရှိပြီဖြစ်လို့ အတော်လေးကို အားကုန်နေကြတဲ့ပုံဖြစ်နေပါတယ်။
အသက်ဘေးလွတ်ကြပြီ
အိမ်ခေါင်မိုးပေါ်ရောက်တာ သုံးရောက်မြောက်နေ့ဖြစ်တဲ့ ဒီနေ့မှာတော့ ညကပင်ပန်းတဲ့အရှိန်ရယ် ခြေကုန်လက်ပမ်း ကျတဲ့ အခြေအနေကြောင့် အမျိုးသားရော၊ အမျိုးသမီးရော အရင်လို သွက်လက်ဟန်တွေမရှိတော့ပါ။ ရေစပ်စပ်ဖြစ်နေတဲ့ သွပ်မိုး ပေါ်မှာ လှဲလျောင်းရင်းအတွေးတွေ များနေကြပါတယ်။
ကလေးတွေကလည်း လူကြီးတွေကိုမှီကာ လှဲနေသလို တချို့လည်း အပေါ့အပါးကိစ္စကို ဖြေရှင်းနေတာဖြစ်ပါတယ်။
တစ်နေ့တစ်နေ့ ထမင်းထုတ်ဝေသူလာမလား။ ကယ်တဲ့သူလာ မလားဆိုတဲ့မျှော်လင့်ချက်ကြီးနဲ့ စောင့်နေခဲ့ပေမယ့် နှစ်ရက် ရှိလာသည့်တိုင် အရိပ်အယောင်မတွေ့ရသေးပါ။ နေဝင်သွားလိုက် သူတို့မျှော်လင့်ချက်တွေပျောက်သွားလိုက်နဲ့ နေနေကြရ တာပါ။
ဒီနေ့ကတော့ နေသာပြီး ရေကလည်း သူတို့နေတဲ့အိမ်အပေါ်ထပ် လွတ်တဲ့အထိရေကျသွားပြီဖြစ်ပါတယ်။ ဒါကြောင့် အမျိုး သားတချို့က ရေထဲဆင်းပြီး တချို့က ခေါင်မိုးကနေ လူတွေကို ချပေးရင်းရွှေ့ခဲ့ပါတယ်။ ဒါပေမဲ့ အိမ်တံခါးက ဗီရိုနဲ့ခံနေလို့ ဖွင့်မရတဲ့အတွက် အိမ်ရှေ့ဝရန်တာမှာ စုနေခဲ့တယ်။
အမျိုးသားတချို့ကတော့ အိမ်အောက်ထဲရေငုတ်ဝင်ပြီး စားစရာရှာပါတယ်။ ပေါင်မုန့်ထုတ် ၂ ခုနဲ့ ခေါက်ဆွဲခြောက်ထုတ် ၂ ခုတွေ့လာပါတယ်။
“ ကလေးတွေပဲ ဝအောင်ကျွေးလိုက်တယ်။ ကျမလည်း မစားဘူး။ သူတို့လေးတွေကို သနားလို့။ ကျမက တောင့်ခံနိုင်သေး တယ်လေ။” လို့ ဒေါ်တူးတူးက ဆိုပါတယ်။
အဲ့ဒီနေ့ကတော့ တစ်နေ့လုံးမိုးမရွာသလို ရေကလည်း အနည်းငယ်ပြန်ကျသွားခဲ့ပါတယ်။ ရေစီးကတော့ သန်နေဆဲဖြစ်ပေ မယ့် ယခင်ကလောက်တော့ မဟုတ်တော့ပါဘူး။ လူတွေကတော့ အားမရှိဘဲ စိတ်ပျက်လက်ပျက်နဲ့ လဲလျောင်းနေရပါတယ်။
ညနေပိုင်းမှာတော့ သူတို့နားဆီကို နီးကပ်လာတဲ့ စက်လှေသံသဲ့သဲ့ကို ကြားလိုက်ရပါတော့တယ်။ ဒါပေမဲ့ ထင်ယောင် ထင်မှားဖြစ်နေတယ်ပဲ သူတို့စိတ်ထဲတင်နေတာကြောင့် ဘယ်သူမှ ထမကြည့်ကြပါဘူး။

အဲဒီအချိန် ကိုယ်ဝန်ဆောင်အမျိုးသမီးက ဒေါ်တူးကို “စက်လှေသံထင်တယ် အမေကြီး” လို့ ပြောတော့ ဒေါ်တူးတူးလည်း “အေး ငါလည်းကြားတယ်။ ဟုတ်တယ်မလား။ ” လို့ဆိုကာ အခြားသူတွေကို ထောက်ခံမေးလိုက်ပါသေးတယ်။
စက်လှေသံကလည်း ပိုနီးကပ်လာသလို အားလုံးကလည်း စက်လှေသံမှန်းသိသွားပြီး “ဟေး” ခနဲ ဆိုပြီး ထအော်ကာ သူတို့တွေ ပျော်ရွှင်မြူးထူးသွားကြပါတော့တယ်။ စက်လှေသံနီးလာလေ သူတို့တွေဟာ ပိုပြီး ဝမ်းမြောက်ဝမ်းသာဖြစ် ကြလေပါပဲ။
ခဏအကြာမှာတော့ စက်လှေတွေကို လှမ်းမြင်နေရပါပြီ။ စက်လှေက သူတို့ဆီလာတာမဟုတ်ဘဲ ကယ်ဆယ်ရေး လမ်း ကြောင်းဆင်းလာသူတွေပါ။ စက်လှေတွေက သူတို့ဆီမရောက်ခင် ပြန်ကွေ့ဖို့လုပ်နေပါပြီ။ သူတို့လည်း အိမ်အမိုးတွေကို ထုသူက ထု၊ အသံကုန်ဟစ်အော်သူက အော်၊ ခြေလက်တွေ လှုပ်ပြသူကပြနဲ့ စက်လှေကို ၀ိုင်းအော်ကာ ခေါ်ပါတော့တယ်။
နောက်ဆုံးမှာတော့ စက်လှေနှစ်စီးနဲ့ ကယ်ဆယ်ရေးသမားတွေဟာ သူတို့ဆီကို ရောက်ရှိလာပါတော့တယ်။ ကယ်ဆယ်ရေး သမားတွေကို မြင်လိုက်ရတဲ့အပျော်ဟာ သူတို့အတွက် ဘာနဲ့မှနှိုင်းလို့ မရအောင်ပါပဲလို့ ဒေါ်တူးတူးက ဆိုပါတယ်။
ကယ်ဆယ်ရေးတွေဟာ သူတို့လူစုကို စက်လှေတွေနဲ့ တင်ဆောင်ကာ ရေဘေးရှောင်တွေအတွက်ထားတဲ့ စာသင်ကျောင်း တစ်ခုမှာနေရာချထားပေးလိုက်ပါတယ်။ စာသင်ကျောင်းမှာလည်း ရေဘေးရှောင်တွေက ပြည့်လို့နေပါတယ်။ စားသောက် ရေးကလည်း မလုံလောက်ကြပါဘူး။ နေရတော့လည်း တန်းစီပြီး ဖြစ်သလိုအိပ်ကြရတာပါ။
ဒါပေမဲ့ ရေထဲမှာ မသေဘဲ လွတ်မြောက်လာကြတဲ့ သူတို့အဖို့က ဖြေသာနိုင်ပါပြီ။ မကယ်နိုင်ဘဲ ကျန်ခဲ့တဲ့သူတွေထက်စာရင် သူတို့ဘဝက တော်သေးတယ်လို့ပဲ တွေးနေရတယ်လို့ ဒေါ်တူးတူးက ဆိုပါတယ်။
ရာဂီမုန့်တိုင်းကြောင့် တောင်ငူမြို့မှာရှိတဲ့ စစ်တောင်းမြစ်တစ်လျှောက်က ရွာသုံးဆယ်ကျော်လောက်ဟာ ရေနစ်မြုပ်ခဲ့ပြီး အကူအညီတွေ ယနေ့ထိတိုင် မရသေးတဲ့စစ်ရှောင်တွေ ရှိနေပါသေးတယ်။
ဒေါ်တူးတူးတို့ဟာ ကရင်နီမှာလည်း စစ်တပ်က သူတို့ရွာကို မီးရှို့လို့ သူအိမ်လေးဆုံးရှုံးခဲ့ရသလို အခုလည်း ရေဘေးကြောင့် သူ့ အိမ်အသစ်လေးလည်း ထပ်မံဆုံးရှုံးရကာ အသက်ဘေးနီးသည်အထိ ကြုံတွေ့ခဲ့ရပါပြီ။
ရေဘေးသင့်စစ်ရှောင်တစ်ဦးအနေနဲ့ အခုလိုဆုံးရှုံးမှုတွေအတွက် ဘယ်လိုထူထောင်မလဲလို့ သူ့ကိုမေးတဲ့အခါမှာတော့ “ကိုယ့် ဘာသာကိုယ် အားတင်းထူထောင်ရမှာပေါ့။” လို့ ဒေါ်တူးတူးက ဆိုပါတော့တယ်။
×××××××××××××××××××××××