ခိုလှုံရာနေရာတစ်ခုအတွက် ရုန်းကန်နေရတဲ့ စစ်ရှောင်တွေနဲ့ အင်တာဗျူး

နိုင်ငံတဝှမ်းမှာဖြစ်ပွားနေတဲ့လက်နက်ကိုင်ပဋိပက္ခနဲ့ ဒေသတွင်းတိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်တွေရဲ့ နေထိုင်ရေးဟာ ကြီးမားတဲ့စိန်ခေါ်မှုတစ်ရပ်လို ဖြစ်နေပါတယ်။ လာရောက်ခိုလှုံကြတဲ့ စစ်ရှောင်တွေများပြား လာတာကြောင့် အိမ်အဌား ဈေးကွက်မှာလည်း စျေးနူန်းတွေ အဆမတန် မြင့်တက်လာပါတယ်။

စက်ရုံ၊ အလုပ်ရုံတွေရှိတဲ့ လှိုင်သာယာ၊ ရွှေပြည်သာ၊ တောင်ဒဂုံစတဲ့ဆင်ခြေဖုံးရပ်ကွက်တွေမှာတောင် ဝါးထရံကျိုးတို့ကျဲ တဲ့နဲ့ အဖြစ်ဆောက်ထားတဲ့ ၁၀ ပေပတ်လည်ရှိတဲ့ တဲတစ်လုံးကို ယခင်က တစ်သောင်း လောက်ပေးရတဲ့အခန်းက ယခု တစ်လကို ၇ သောင်းခွဲပေးနေရတာပါ။ ရေ၊ မီးမပါတဲ့အပြင် တချို့ အဆောင်တွေမှာ မိသားစုဦးရေအကန့်အသတ်နဲ့ ဌားရမ်းနေတာဖြစ်ပါတယ်။

ဒါကြောင့် နားခိုစရာလိုအပ်နေတဲ့ စစ်ရှောင်တွေရဲ့အခက်အခဲတွေနဲ့ပတ်သက်ပြီး မဏ္ဍိုင်သတင်းဌာနက ဆက်သွယ်မေးမြန်းထားချက်တွေကို ကောက်နုတ်ဖော်ပြလိုက်ရပါတယ်။

လားရှိုးမြို့မှ စစ်ရှောင်လာတဲ့ ကိုစိုင်းကိုကို

မေး ။ ။ ရန်ကုန်ရောက်တာ ဘယ်လောက်ကြာပြီလဲ။ စစ်ရှောင်တွေပဲလား။ ဘယ်လိုစိန်ခေါ်မှုတွေစကြုံရလဲ။ အိမ်ဌားရတဲ့ အခြေအနေပြောပြပါလား။

ကျနော် ရန်ကုန်ကိုရောက်တာ ၂ နှစ်ရှိပြီ။ ရောက်စကတော့ အိမ်ဘယ်လိုဌားရမှန်းမသိဘူး။ ဘုရားကျောင်းက အသိက ပွဲစားတယောက်နဲ့ ချိတ်ပေးလို့ ၅ လွှာမှာအခန်းတခန်းရတယ်။ ပွဲစားခက တလစာ နှစ်သိန်းနဲ့ စပေါ်က ၁၀ သိန်းပေးရ တယ်။ နောက် အိမ်လခကို ၆ လစာနဲ့ပေါင်းရင် ၂၄ သိန်းပေးရတယ်။ ကျနော့်ပါလာတဲ့ငွေက သိန်း ၃၀ မှာ သွားလာစရိတ် တွေနဲ့ဆိုတော့ လက်ထဲဘာမှတောင်မကျန်တော့ဘူး။

အဲ့ဒါလွန်ခဲ့တဲ့ ၂ နှစ်က ပေးခဲ့ရတဲ့အိမ်ဌားပေါ့။ အဲ့တုန်းက စစ်ရှောင် ရရင် ငွေလိုနေမှာစိုးပြီး အမျိုးတွေဆီက ချေးလာတဲ့ငွေတွေ အကုန်ကုန်တာပဲ။ ကျနော်တို့က ညီအကိုသုံးယောက်နဲ့ အမေ နဲ့ လားရှိုးမှာ တိုက်ပွဲတွေ ဖြစ်တော့ စစ်ရှောင်လာကြတာ။

အမေကတော့ လူကြီးဆိုတော့ တိုက်ခန်းနဲ့ မနေတတ်ဘူး။ စားတာလည်း သူ့အတွက်သိပ်အဆင်မပြေဘူး ဆိုတော့ ရောက်စက အခက်အခဲတွေအများကြီးပဲ။ အဲ့မှာ ၆ လလောက်နေပြီး တော့ နောက် ၆ လ ထပ်ချုပ်မယ် ဆိုတော့ လခတိုးတောင်းတာပေါ့။ အဲ့မှာ တနှစ်ကျော်လောက်ပဲနေခဲ့တယ်။

မေး ။ ။ အခုကုန်ဈေးနှုန်းနဲ့ နေစားရတာ ဘယ်လိုအခြေအနေရှိလဲ။ အဆောင်ခက ဘယ်လိုပေးရတာလဲ။

ပြီးခဲ့တဲ့ရက်ကပဲ ကုန်ဈေးနှုန်းတက်ပေမယ့် လစာလည်း မတက်လာတော့ လက်ရှိတိုက်ခန်းမှာ ဆက်မနေနိုင် တော့လို့ အိမ်ရှာထွက်ရပြန်တယ်။ အဲ့ကနေ ရွှေပြည်သာမှာ ပြောင်းနေလိုက်ရတယ်။ အဲ့မှာတော့ မိသားစု အဆောင်တိုက်ခန်းမှာ နေရတယ်။ အဲ့ဒီမှာလည်း ပွဲစားခပေးရတယ်။ အိမ်စပေါ်တော့ မပေးရဘူး။ လခလည်း တစ်လချင်းပေးပဲ။ ဒါပေမဲ့ နှစ်ယောက်ထဲဆိုရင် ၇ သောင်း၊ ကလေးပါရင် တသိန်းခွဲ။

ကျနော်တို့က မိသားစုလေးယောက်ဆိုတော့ နှစ်သိန်းနှစ် သောင်းပေးရတယ်။ ရေမီးဖိုးနဲ့ဆိုရင် သုံးသိန်းနီးပါးရှိ တယ်။ စားသောက်စရိတ်နဲ့ဆိုရင် တလကို ၅ သိန်းလောက်တော့ ကုန်တယ်။ အဲ့မှာ ရေချိုးတာ၊ အဝတ်လျှော်တာ၊ ဟင်းချက်တာနဲ့ မီးတာခကိုတော့ အားလုံးမျှပေးရတယ်။ ဟင်းချက်တာ၊ ရေချိုး အဝတ်လျှော်တာကတော့ ဘုံသုံးရတယ်။ အဆောင်အကျယ်က ၁၂ ပေ ၁၅ ပေရှိတယ်။ ဒါမဲ့ အမေကတော့ အခုထိ နေသားမကျသေးဘူး။

အရင်ကတော့ ဒီတိုက်ခန်းတွေက လူဘယ်နှယောက်နေ နေ ငါးသောင်းပဲပေးရတာပါ။ အခုနောက်ပိုင်းက ဌားတဲ့သူ အရမ်းများတော့ သူတို့က လူအလိုက်ကြည့်ယူတယ်။ တချို့ အခန်းတွေဆိုရင် အသက် ၅ နှစ်အောက် ကလေးတွေပါရင် လက်မခံဘူး။ အဲ့တော့ ကျနော်တို့လို စစ်ရှောင်လာတဲ့သူတွေ အရမ်းဒုက္ခများတာပေါ့ဗျာ။ ကလေးတွေက ညစ်ပတ်ပြီး အရမ်းဆော့တော့ ပစ္စည်းတွေပျက်စီးတယ်။ ငိုရင် တခြားအခန်းတွေ စိတ်အနှောင့် အယှက်ဖြစ်ရလို့ မဌားတာတဲ့။

မေး ။ ။ တိုက်ခန်းနဲ့ အဆောင်နဲ့နေရတာဘာကွာလဲ။ ဘယ်လိုအခက်အခဲတွေရှိလဲ။

ကျနော်တို့လို နယ်ကလာတဲ့သူတွေကတော့ ဒီလိုအခန်းတွေမှာနေရာတာ အဆင်မပြေကြဘူး။ အခန်းမှာ ဒီနေရာစား၊ ဒီနေရာအိပ်နဲ့ မိုးရွာရင်လည်း အဝတ်လှန်းဖို့ နေရာမရှိတော့ အိပ်တဲ့နေရာအပေါ်မှာ ကြိုးတန်းပြီး လှန်းရတယ်။ အဲ့ဒါက လည်း အဝတ်က ရေစိုဆိုတော့ အဆင်မပြေဘူး။ အဲ့တော့လျော်ထားတဲ့အဝတ်တွေကို ဝရံတာရှေ့မှာ ချိတ်ပြီး အောက်မှာ ပုံးခံထားရတယ်။ မဟုတ်ရင် လမ်းရေစိုတယ်ဆိုပြီး အတိုင်ခံရတယ်။

အဲ့လိုလှန်းတော့ တချို့အဝတ်တွေဆိုရင် ဖားဥတွေ စွဲချင်တယ်။ နောက်အဆောင်က တိုက်ခန်းဖြစ်ပေမယ့် အနံ့အသက်မကောင်းဘူး။ မိုးရွာရင် ညှီစို့စို့အနံလိုရတယ်။ ကျနော့် အမေဆိုရင် အဲ့အနံရရင် ခေါင်းကိုက်လို့ဆိုပြီး အပြင်မှာထွက်နေတာ များတယ်။ နောက်ဘေးအခန်းတွေက စကားပြောသံ၊ အော်ဟစ်သံ၊ ရန်ဖြစ်သံတွေကလည်း နေ့တိုင်းကြားနေရတာ။

နောက် ညဘက် လူငယ်တွေဂီတာတီးသီချင်းဆိုတော့ သက်ကြီးရွယ်အိုတွေနဲ့ ကလေးငယ်တွေရှိတဲ့အခန်းက လည်း ဆူလို့ ဆိုပြီး အော်ဟစ်ရန်ဖြစ်တာရှိတယ်။ အများနဲ့ဆိုတော့ လည်း သည်းခံနေရတယ်။ အခုလိုအချိန်မှာ အိမ်ဌားရ၊ ရွှေ့ပြောင်း ရတာက လွယ်တာမဟုတ်ဘူး။ ကိုယ်နေတဲ့ဘုံလေး ပျောက်မသွားအောင် အဆင်ပြေ အောင်နေ နေရတယ်။ တကယ်တော့ ရန်ကုန်မြို့က အလုပ်ပေါပေမယ့် နေစားဖို့အရမ်း ရုန်းရတယ်။

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်မှ မန္တလေးကို စစ်ရှောင်လာတဲ့ ကိုသား

မေး ။ ။ မန္တလေးမှာ ဧည့်စာရင်းခက်လား။ အိမ်ရှာရတဲ့အခြေအနေလေးသိချင်ပါတယ်။

ကျနော် မန္တလေးကို ရောက်တော့ မိတ်ဆွေတယောက်ရေးပေးလိုက်တဲ့သူ အိမ်ကိုသွားတယ်။ အဲ့အိမ်ပိုင်ရှင်က တရုတ် လူမျိုးတွေ။ သူက ဒီမှာတည်းပြီး အိမ်ရှာလို့ရတယ်။ ကျနော်တို့က လင်မယားနှစ်ယောက်ထဲ နေတာဆို တာနဲ့ ကျနော့်တို့ မိသားစုသုံးယောက် နေဖြစ်ခဲ့တယ်။ အဲ့မှာ ဧည့်စာရင်းတိုင်ဖို့ ရပ်ကွက်ရုံးသွားတော့ အိမ်ရှင်က တရုတ်ဖြစ်တာရယ် ကျနော်တို့က စစ်ကိုင်းကလာတဲ့သူဆိုတော့ ဘာကိစ္စလာတာလဲ။ ဘယ်သွားမှာလဲ။ ဘယ်တော့ပြန်မှာလဲ။

စစ်ကိုင်းက လာတဲ့သူတွေကို မန္တလေးမြို့ထဲပေးမလာဘူးလေ။ ဘယ်လိုဝင်လာတာလဲဆိုပြီး ရစ်တာ။ အဲ့ဒါနဲ့ ကျနော်လည်း ကလေး က ကျန်းမာရေးမကောင်းလို့ ဆေးရုံတက်ဖို့လာတာပါ။ ကျနော်တို့မှာ ဆေးစာအုပ်ပါ ပါတယ်။ ကျနော်တို့ကို ကူညီပါ။ ဘာညာပြောပြီး ကျနော် အလှူငွေ ၆ သောင်းလှူမယ်ဆိုတော့မှ မှတ်ပုံတင် တွေကို ဓါတ်ပုံရိုက်ယူထားလိုက်တယ်။

ပြီးတော့ ခင်ဗျားတို့လို စစ်ဖြစ်နေတဲ့နေရာက လာတဲ့သူတွေကို ကျနော်တို့နယ်ထဲပေးမဝင်ဘူး။ ခင်ဗျားပြန်ရင် တော့ သတိထားပြန်ပါ။ မဟုတ်ရင် အဖမ်းခံရမှာလို့ အဲဒီအုပ်ကြီးက ပြောတယ်။ နောက် ပလောင်၊ ပအို့၊ ဝ ၊ ကိုးကန့်နဲ့တောင်ကြီးက ဆင်းလာတဲ့ တိုင်းရင်းသားတွေကိုလည်း ခရီးသွားလာခွင့်ကန့်သတ်ထားတယ်လို့လည်း ပြောသေးတယ်။

အဲ့ညမှာတော့ ကျနော်တို့ ဧည့်စာရင်းစစ်တာနဲ့ တည့်တည့်တိုးတယ်။ ကျနော်တို့လိုစစ်ကိုင်းက လာတဲ့သူ တွေလည်း ဒဏ်ငွေဆောင်ရတယ်လို့ ကြား တယ်။ စစ်ကိုင်းတိုင်း ၅ မျဉ်းစောင်းတွေဆိုရင် သက်သက်မဲ့ ငွေညှစ်ခံရတယ်။

သမီးက ပန်းနာရင်ကျပ်ဖြစ်နေတာဆိုတော့ ဆေးရုံဆေးခန်းနဲ့ နီးတဲ့နေရာမှာ ပိုလိုချင်တာပေါ့။ အဲ့မှာ ကျနော်တို့လိုက်ရှာ ပွဲစားတွေနဲ့လည်း တစ်ယောက်ပြီး တစ်ယောက်တွေ့တယ်။ လိုက်ကြည့်တယ်။ အိမ်ခန်းတွေကတော့ ကြိုက်ပေမယ့် ဈေးက အရမ်းမြင့်တော့ မလိုက်နိုင်တာ။

အဲ့မှာ ကျနော်တို့လင်မယားနှစ်ယောက်လုံး စိတ်ဓါတ်တွေကျသွားတယ်။ တချို့နေရာတွေဆိုရင် စစ်ရှောင်တွေကို အိမ်မဌား ဘူးဆိုတာတောင်ရှိတယ်။ ဘာလို့ဆို ပြဿနာတခုခုဖြစ်ခဲ့ရင် အိမ်တွေကိုချိတ်ပိတ်တာရှိတော့ မထား ရဲတော့တာ။ အဲ့တော့ စစ်ရှောင်လို့လည်း မပြောရဲဘူး။ ကလေးဆေးကုလာတယ်ပဲပြောရတယ်။

မန်လေးမှာက ကျူးတွေ ဖျက်ခံထားရတာရယ် စစ်ရှောင်တွေများလာတာရယ်ကြောင့်ပေါ့။ အိမ်အဌားဈေးတွေ မတရား တက်သွားတာ။ အရင်က တလ ၅ သောင်းပေးရတဲ့အိမ်က အခုတသိန်း နှစ်သောင်းလောက်ပေးနေရ တယ်။ မြို့စွန့်ရပ် ကွက်တွေမှာတောင် အဌား၊ အရောင်းတွေက တော်တော်လေးဈေးမြင့်နေပြီ။ အဲ့တော့ ကျနော်တို့လိုစစ်ရှောင်တွေ အတွက်တော့ အခက်အခဲဖြစ်ရတာပေါ့။ ရန်ကုန်ပဲ နေစားဖို့ခက်တယ်ထင်တာ မန္တလေးရောက်မှ ပိုဆိုးနေပြီ။

Leave a Comment

1 comment

666pcomgame December 22, 2025 - 10:46 pm

666pcomgame offers a unique selection that I haven’t come across which makes it interesting if you’re bored of the usual suspects. Worth checking if you are feeling brave! Try it here: 666pcomgame.

Reply

Subscribe to Get New Updates

You Can Subscribe To get News Update From Mandaing News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Will be used in accordance with our u00a0Privacy Policy

@2025 – All Right Reserved. Mandaing